Wednesday, June 29, 2016

မြောက်ကိုရီးယား ၏ Musudan ဒုံးကျည် သည် အာကာသအထိ ရောက်ရှိခဲ့ဟု အမေရိကန် ပြောကြား

ဝါရှင်တန် ၊ ၂၉-၆-၂၀၁၆
မြောက်ကိုရီးယား နိုင်ငံက လွန်ခဲ့သည့် ရက်သတ္တပတ် တွင် ပြုလုပ်ခဲ့သည့် ခြောက်ကြိမ်မြောက် ဒုံးကျည် စမ်းသပ်မှု၌ Musudan ( Hwasong-10 ) တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် သည် အာကာသ အတွင်းသို့ ဝင်ရောက် ခဲ့ပြီးနောက် ကမ္ဘာ့ လေထုအတွင်း ပြန်လည် ရောက်ရှိ ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ဇွန် ၂၇ ရက်တွင်အတည်ပြု ပြောကြားခဲ့ သည်ဟု Yonhap သတင်းတစ်ရပ် အရ သိရသည်။


မိမိတို့ အနေဖြင့် အဆိုပါ ဒုံးကျည် လွှတ်တင်မှုကို တွေ့ရှိခဲ့ကြောင်း၊ ၄င်း ဒုံးကျည်သည် အာကာသ အတွင်းသို့ ရောက်ရှိ ခဲ့ပြီးနောက် ဂျပန်ပင်လယ် ၏ မိုင် ၂၅ဝ အကွာသို့ ကျရောက် ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူ ရေတပ် ဗိုလ်မှူးကြီး ဂျက်ဖ်ဒေးဗီးစ် က သတင်းထောက် များအား ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံပိုင် ဂူအမ်ကျွန်းသို့ ရောက်ရှိနိုင်စွမ်း ရှိသည်ဟု ယူဆထားသော ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုကို ဇွန် ၂၂ ရက်က လုပ်ဆောင် ခဲ့ပြီးနောက် တစ်ရက် အကြာတွင် မြောက်ကိုရီးယား နိုင်ငံက အဆိုပါ ဒုံးကျည် သည် ကမ္ဘာ့လေထု အတွင်းသို့ ပြန်လည် မဝင်ရောက်မီ အာကာသ အတွင်းသို့ ရောက်ရှိခဲ့ ကြောင်းနှင့် အကွာအဝေး ၄ဝဝ ကီလိုမီတာ ရှိ ပစ်မှတ် ရေပိုင်နက် အတွင်းသို့ ကျရောက်ခဲ့ကြောင်း အခိုင်အမာ ပြောကြား ထားသည်။
အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယား နိုင်ငံထက်သာလွန်စေရန် အမြဲတမ်းကြိုးပမ်းလျက် ရှိသောကြောင့် အဆိုပါ ခြိမ်းခြောက်မှုများအား တုံ့ပြန်နိုင်ရန် အသင့်ရှိ နေကြောင်း ဒေးဗီးစ် က ပြောကြား ခဲ့သည်ဟု သိရသည်။

သစ်ထူးလွင်

No comments:

Post a Comment