Thursday, June 30, 2016

သိမ်းဆည်းမြေ ဧက ၂ဝဝ တောင်သူတွေကို ပြန်ပေး

နေပြည်တော်ကောင်စီနယ်မြေမှာသိမ်းဆည်းခဲ့တဲ့လယ်ယာမြေဧက၂ဝဝ ကျော်ကို တောင်သူတွေထံ ဇွန်လ ၃ဝ ရက်နေ့ က ပြန်လည်ပေးအပ်စဉ်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဝဲကြီးကျေးရွာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းစာတိုက်နဲ့ ပုံနှိပ်စက် အဆောက်အအုံအတွက် သိမ်းဆည်းခဲ့တဲ့ တောင်သူ ၇၄ ဦးပိုင် လယ်ယာမြေ ဧက ၂ဝဝ ကျော် ကို တောင်သူတွေဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
လယ်ယာမြေတွေကို ပြန်လည်ပေးအပ်တာမှာ ပုံစံ ၃ လို့ ခေါ်တဲ့ ယာယီအသုံးပြုခွင့်ကို ပေးအပ်ထား တာဖြစ်ပြီး ဒီနှစ်အတွင်း ပုံစံ ၇ ဆိုတဲ့ လယ်မြေပိုင်ဆိုင်ခွင့်ကို နောက်ဆက်တွဲအနေနဲ့ ပေးအပ်မှာဖြစ်တယ် လို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်က ပြောပါတယ်။
"နေပြည်တော်မှာလည်းဖြစ်နိုင်တယ်၊ တရားဝင်ပေးအပ်တာ ကျနော်သိသလောက် ဒီမှာ ပထမထင်တယ်၊ အရင်တုန်းကတော့ သူတို့အာမခံတာ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့၊ ပုံစံ ၃ ဆိုတာ ယာယီအသုံးပြုခွင့်ပေးတာ၊ ဒီနှစ်အတွင်းမှာ ၃၊ ၄ လ အတွင်းမှာဖြစ်အောင် ပိုင်နိုင်တဲ့ ပုံစံ ၇ ကိုပေးမှာ၊ ပုံစံ ၇ ရမှ သူတို့က လွှဲပြောင်းခွင့်တို့၊ အမွေပေးခွင့်တို့၊ ရောင်းချခွင့်တို့၊ ဘဏ်ကငွေချေးခွင့်တို့ရမှာ၊ ပုံစံ ၇ တော့ မရသေးဘူး၊ အဲ့ဒါစောင့်နေရင် သူတို့ ဒီတစ်သီးနာသွားမှာ၊ အဲ့ဒါကြောင့် ပုံစံ ၃ ကို ရအောင်ပေးတာ"
ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီနဲ့ ကော်မတီအဆင့်အဆင့် ပူးပေါင်းစိစစ်ပြီး အသုံးမပြုတော့တဲ့ လယ်ယာမြေတွေ ကို တောင်သူတွေဆီ ပြန်လည်ပေးအပ်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက် ၂ဝဝ၃ ခုနှစ် ကနေ ၂ဝဝ၇ ခုနှစ်အတွင်းက သိမ်းဆည်ခဲ့တဲ့ လယ်မြေတွေ ဖြစ်ပြီး လယ်ယာမြေတွေပြန်လည်ရရှိဖို့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့တာတွေကြောင့် ဒေသခံတောင်သူ ၁ဝ ဦးခန့်ကို ပြီးခဲ့တဲ့အစိုးရက ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလည်းရှိခဲ့ပါတယ်။
ဒီကနေ့ အခမ်းအနားကို နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ ကောင်စီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသခံတောင်သူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာတိုက်နဲ့ အဆောက်အဦးအတွက် သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေဧက ၂၀၀ ကျော်ကို ဒီနေ့ မူလတောင်သူတွေဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။
 

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်တို့ အချေအတင် စကားများ


ပြည်လမ်းရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမင်္ဂလာခန်းမမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့်   ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များတွေ့ဆုံ ပွဲမှာ  ဒေါက်တာသက်သက်ခိုင်မှ မြန်မာနိုင်ငံနှင့်ပတ်သက်၍အခွန်ပေးဆောင်မှုကိစ္စတွေရှင်းပြနေချိန်…

ဦးဖြိုးမင်းသိန်းက အစ်မကြီး အနေနဲ့ သီအိုရီပိုင်းများကို ရှင်းပြနေရန်မသင့်၊ သီအိုရီပိုင်းများကို ကျွန်တော်တို့ အနေနဲ့လည်းသိပြီးပြီဖြစ်ကြောင်းနဲ့ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အောင်မြင်စွာထမ်းဆောင်နိုင်ကြောင်း  ပြောဆိုခဲ့ရာ ဒေါက်တာ သက်သက်ခိုင်မှ ဝန်ကြီးချုပ်ကို လက်ချာပေးနေတာမဟုတ်၊ မိမိမှာအောင်မြင်နေသော စီးပွားလုပ်ငန်းရှင် တစ်ယောက်ဖြစ်ကြောင်း၊ဝန်ကြီးချုပ်ပြောတာကို၎င်းအနေဖြင့်အကြာကြီးနားထောင် ပေးခဲ့ကြောင်း ပြန် လည်ပြောဆိုချေပခဲ့ရာ ဦးဖြိုးမင်းသိန်းမှ အလုပ်ရုံဆွေးနွေးပွဲလုပ်မှာလား၊ သီအိုရီပိုင်းရှင်းမှာလား ထပ် မံပြောဆိုခဲ့ရာ ဒေါက်တာသက်သက်ခိုင်မှအားလုံးနှင့်ဆိုင်ကြောင်းမိမိရှင်းပြသည်မှာ  ပြီးတော့မည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဦးဖြိုးမင်းသိန်းမှ ပြန်ထိုင်သွားခဲ့ပြီး ဒေါက်တာ သက်သက်ခိုင်မှ ဆက်လက်ရှင်းပြခဲ့ ပါတယ်။

မနေ့ကဖြစ်ခဲ့တာကြောင့် ဒီကနေ့ဘယ်မီဒီယာကနေများ ရေးသားဖော်ပြမလဲဆိုပြီး စောင့်ကြည့်နေတာ ဘယ် ဂျာနယ်တိုက်ကမှ တုတ်တုတ်မျှ မလှုပ် မသိချင်ယောင်ဆောင်နေကြပါတယ်။စတုတ္ထမဏ္ဍိုင်ဆိုတာဟာ ဘက်လိုက်မှုမရှိပဲ ကြားနေပြီး မျှမျှတတရေးသားဖော်ပြမှသာ စတုတ္ထမဏ္ဍိုင်ပီသတာပါ။ NLD အစိုးရသတင်း ဆို အမှောင်ချပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ စစ်တပ်မကောင်းကြောင်းနဲ့ ဒေါ်စုချီးမွမ်း ခန်းတွေပဲ ဖွင့်နေကြရင်ဖြင့် ပြည်သူတွေအတွက် ဂျာနယ်တွေဖတ်ခြင်းအားဖြင့် ဘာအကျိုးကျေးဇူးမှ မရတော့ဘဲ ပိုက်ဆံကုန်တာပဲ အဖတ်တင်ပါတယ်…

Credit - Original writer    
Photo Credit- copied

ကျိုက်ထီးရိုးက အခန်းပိုတွေ တစ်လအတွင်း ဖျက်ရမည်

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ဇွန်လ ၂၇ ရက်နေ့က ကျင်းပတဲ့ ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တွေ့ရစဉ်။
 
ကျိုက်ထီးရိုးတောင်ပေါ်မှာ အစိုးရရဲ့ခွင့်ပြုချက်ထက်ပိုပြီး တည်ဆောက်ထားတဲ့ ရိုးရိုးလေးကုမ္ပဏီရဲ့ တည်းခိုဆောင်ထဲက အခန်းတစ်ရာကျော်ကို တစ်လအတွင်း အပြီးဖျက်ပေးရမှာဖြစ်ကြောင်းနဲ့ လိုက်နာဖို့ ပျက်ကွက်ရင် လုပ်ငန်းအားလုံးကိုရပ်ဆိုင်းဖို့ညွှန်ကြားသွားမှာဖြစ်ကြောင်းသာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးရုံးမှာ ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
"ဟိုတယ် ပြည်ထောင်စုဝန်ကြီးက စစ်ဆေးလိုက်တဲ့အချိန်မှာ ခွင့်ပြုချက်မရှိဘဲနဲ့ ကိုယ့်သဘောနဲ့ ကိုယ်ဆောက်ထားတဲ့အခန်းက ၁၀၆ ခန်းရှိတာသွားတွေ့ရပါတယ်၊ အဲ့ ၁၀၆ ခန်းကို ဟိုတယ်ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ကဒါကိုအမြန်ပြန်လည်ဖျက်သိမ်းဖို့ ညွှန်ကြားချက်ခဲ့ပါတယ်၊ အခန်းတွေကို ဒီနေ့ကစပြီး ၁ လအတွင်း အပြီးဖျက်သိမ်းရမယ်၊ တကယ်လို့ပျက်ကွက်ခဲ့ရင် ဒီတောင်ပေါ်မှာရှိတဲ့ အဲ့ပုဂ္ဂိုလ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေအကုန်လုံး ရပ်ဆိုင်းရမယ်"
ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ရိုးရိုးလေးကုမ္ပဏီကို တည်းခိုခန်းအတွက် အခန်း ၁၃၅ ခန်းသာဆောက်လုပ်ခွင့်ပြုထားတာဖြစ်ပြီး ကုမ္ပဏီက အစိုးရရဲ့ခွင့်ပြုချက်ထက် အခန်းတစ်ရာကျော် ပိုပြီးဆောက်လုပ်ထားတာဖြစ် ပါတယ်။
ဒီနေ့အစည်းအဝေးကိုဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဦးအုန်းမောင်နဲ့မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦး တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကလည်း ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံး ကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့မကြာခင်တာဝန်ယူပြီး ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
"ကျနော်ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့အတွက်သာသနာနဲ့ပတ်သက်တဲ့နေရာတွေကို ဖြူစင် သန့်ရှင်းချင်တယ်၊ အဲ့ဒါကြောင့် ပြတ်ပြတ်သားသား ကျနော်လုပ်မယ်၊ မလုပ်ခင်မှာ သက်ဆိုင်ရာ စီးပွားရှာစားနေတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုအချိန်တစ်ခုကျနော်ပေးမယ်၊ကိုယ့်ဘာသာကိုယ် ပြင်ဆင်ပြောင်းလဲမှာလား၊ ကျနော်ကနေစည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့အရေးယူရမလားဆိုတော့သူတို့ကသူတို့ကိုယ်တိုင် ပြင်ဆင်ပြောင်းလဲပေးမယ်ဆိုတဲ့ အနေအထားပြောတယ်၊ စိတ်မပူပါနဲ့ ဒီတောင်နဲ့ပတ်သက်ပြီး အလုံးစုံ ကျနော်တာဝန်ယူ ပါတယ်"
စေတီတော်နဲ့ပတ်သက်တဲ့ဘုရားဂေါပကအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းဖို့အတွက်လည်းသာသနာရေးဝန်ကြီးဌာန ၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ ရှေ့နေချုပ်ရုံးတို့နဲ့ တိုင်ပင်ဆွေးနွေးပြီး နည်းဥပဒေတွေ ပြဌာန်းသွားမှာဖြစ်ပါတယ်။
ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်ပါင်း ၂ သန်းကျော် လာရောက် ခဲ့ပြီး စေတီတော်မှာ ငွေကျပ် ၁ ဒဿမ ၅ ဘီလီယံ ရှိကြောင်းလည်း ပြောပါတယ်။

RFA

ဖျာပုံမြို့က (၈)တန်းကျောင်းသူ မိန်းကလေး(၅)ဦးကို လူကုန်ကူးဖို့ ခေါ်လာတဲ့ အမျိုးသမီးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေ


    ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ကနေ မိန်းကလေး(၅)ဦးကို လူကုန်ကူးဖို့ခေါ်လာတဲ့ အမျိုးသမီးကို ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ပြင်ဦးလွင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ဝင်းက 5 Plus ကိုပြောပါတယ်။ လူကုန်ကူးခံရတဲ့ မိန်းကလေး(၅)ဦးရဲ့ ပြောပြချက်အရ အဲဒီအမျိုးသမီးဟာ သူ့ရဲ့ နာမည်နဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကို မပေးခဲ့တာကြောင့် အဲဒီအမျိုးသမီးရဲ့ ပုံပန်းသဏ္ဌာန်ကို အနီးစပ်ဆုံးရေးဆွဲပြီး ကားဂိတ်တွေမှာ လိုက်လံစုံစမ်းနေပေမယ့် လက်ရှိအချိန်ထိတော့ မတွေ့သေးဘူးလို့ ဆိုပါတယ်။
   ဖြစ်စဉ်ကတော့ဖျာပုံမြို့မှာ နေထိုင်တဲ့(၈)တန်းကျောင်းသူမိန်းကလေး(၅)ဦးဟာဇွန်လ(၂၅)ရက်ညနေပိုင်းက ကျူရှင်ကပြန်လာစဉ် လမ်းမှာတွေ့တဲ့ အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးဟာ သူတို့ကို တစ်လကိုလစာ(၅)သိန်းရမယ့်အလုပ်အကြောင်း ပြောဆိုကာ စည်းရုံးခဲ့တယ်လို့ လူကုန်ကူးခံရတဲ့ မိန်းကလေးတွေရဲ့ ပြောပြချက်ကို ဒုရဲမှူးကျော်ဝင်းက ပြန်လည်ပြောပြခဲ့ပါတယ်။
 အဲဒီအမျိုးသမီးပြောပြောချင်း မိန်းကလေးတွေဟာ ချက်ချင်းအကြောင်းမပြန်ခဲ့ဘဲ နောက်တစ်နေ့ ဇွန်လ(၂၆)ရက် မနက်(၁၁)နာရီမှ နေအိမ်ကနေ ထွက်လာပြီး အဲဒီအမျိုးသမီးချိန်းတဲ့ ဒလကို လာခဲ့တယ်လို့ ဆိုပါတယ်။ ဒလကတစ်ဆင့် ရန်ကုန်ဘက်ကို စက်လှေနဲ့ကူးပြီး ရန်ကုန်ကတစ်ဆင့် ပြင်ဦးလွင်ကို သွားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမယ့်လူကုန်ကူးမယ့်အမျိုးသမီးကတော့မိန်းကလေးတွေနဲ့အတူမလိုက်ဘဲ ပြင်ဦးလွင်ရောက်မှ ဆုံမယ်ဆိုပြီး သူတို့ကို နယူးမန္တလာထွန်းအဝေးပြေးယာဉ်နဲ့ တင်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
 
  ပြင်ဦးလွင်ကားဂိတ်ရောက်တော့လည်း အဲဒီအမျိုးသမီးကို မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။ မိန်းကလေးတွေရဲ့အုပ်ထိန်းသူတွေကလည်းအဲဒီမိန်းကလေး(၅)ဦးပျောက်ဆုံးခဲ့တဲ့နေ့မှာပဲဖျာပုံမြို့မရဲစခန်းကို အကြောင်းကြားခဲ့ပြီးအဲဒီကမှတစ်ဆင့်သက်ဆိုင်ရာရဲစခန်းတွေကိုကူညီစုံစမ်းရှာဖွေပေးဖို့ဆက်သွယ်ခဲ့ပါတယ်။ ဒါကြောင့် ဇွန်လ(၂၇)ရက်မှာ ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်တွေက ပြင်ဦးလွင်ရပ်ကွက်ကြီး (၁၀) ရာအိမ်မှူးနဲ့အတူ သီရိပဒေသာ ကားကြီးဝင်းက ယာဉ်တွေဆိုက်ရောက်ချိန်ကို လိုက်လံစုံစမ်းခဲ့ရာ မိန်းကလေး(၅)ဦးရဲ့ အမည်စာရင်းကိုတွေ့ရှိခဲ့ရတဲ့အတွက် ရှာဖွေခဲ့ရာ ည(၇)နာရီအချိန်မှာပဲ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)က “စံပြ”ထမင်းဆိုင် အနီးမှာတွေ့ရှိခဲ့ပြီးခေါ်ယူထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
 
  ဒါကြောင့် ပြင်ဦးလွင်မြို့မရဲစခန်းက မိန်းကလေး(၅)ဦးရဲ့ အုပ်ထိန်းသူတွေကို အကြောင်းကြားခဲ့ပြီး ဇွန်လ(၂၈)ရက်မှာတော့ ပြင်ဦးလွင်မြို့မရဲစခန်းမှာပဲသက်သေတွေရှေ့ ပြန်လည်အပ်နှံခဲ့တယ်လို့သိရပါတယ်။

5 Plus News
သစ်ထူးလွင်

ရခိုင်ပြည်နယ် နယ်စပ်ဒေသရှိ လ၀ကအရာရှိ ၅၀ ကျော်အား ဒေသပြောင်းရွှေ့

ရခိုင်ပြည်နယ်တွင်တာဝန်ထမ်းဆောင်နေသောလူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၄)မှလက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ၅၇ ဦးအား ဒေသပြောင်းရွှေ့တာဝန် ထမ်းဆောင်စေခဲ့ကြောင်း သတင်း ရရှိသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ၀န်ကြီးရုံး(အမှုထမ်းအ ဆင့်) ၀န်ထမ်းရေးရာစီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးဆုံးဖြတ် ချက်ဖြင့် အမိန့်စာထုတ်ပြန်ကာအ ဆိုပါ ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးများအား အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိမြို့နယ်အသီးသီးသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် နယ်စပ်ဒေသ တွင် တာဝန်ထမ်းဆောင်နေသည့် လူဝင်မှု ကြီးကြပ်ရေးမှူးများကို ယခင်က အလှည့်ကျစနစ် ဖြင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင် စေခဲ့သော်လည်းယခုကဲ့သို့အရေအတွက်များပြားမှုမျိုးသည် ရှားပါး ကြောင်း ဒုတိယလ၀က မြို့နယ် ဦးစီးအရာရှိတစ်ဦးက ဆိုသည်။
‘‘လ၀က အရာရှိပိုင်းတွေဆို နယ်စပ်ဒေသမှာ တာဝန်မယူဖူးသူ မရှိသလောက်ပဲ။ အလှည့်ကျပုံ မှန်သွားပြီး တာဝန်ထမ်းဆောင် ကြရတယ်။ အနည်းဆုံးတစ်နှစ်လောက်လုပ်ရတယ်။ အခုလောက်တော့ အရင်က အချိန်းအပြောင်းမများဘူး။ တချို့တွေကျတော့အဲဒီနေရာကိုမသွားချင်ကြဘူး’’ဟုအထက်ပါပုဂ္ဂိုလ်က ဆိုသည်။
အဆိုပါ လူအင်အားအများ အပြား ဒေသပြောင်းရွှေ့တာဝန် ထမ်းဆောင်စေသည့် ၀န်ကြီးဌာန ရုံးအမိန့်စာသည် လူမှုကွန်ရက်စာ မျက်နှာများတွင် ဖြန့်ဝေမှုများရှိခဲ့သည်။
 ထိုသို့ အင်အားအရေအတွက်များစွာကို တစ်ပြိုင်တည်း ပြောင်းရွှေ့တာဝန်ထမ်းဆောင် စေခြင်းသည် အခြားအကြောင်းကိစ္စ များကြောင့် မပါဝင်ဘဲ ဌာန၏ပုံ မှန်လုပ်ရိုးလုပ်စဉ် အရသာပြုလုပ် ခြင်းဖြစ်သည်ဟု အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမြင့်ကြိုင်က ပြောသည်။
‘‘တခြားဘာအကြောင်းမှ မရှိပါဘူး။ ပုံမှန်အရွှေ့အပြောင်းပါပဲ။ အခုပြောင်းရမယ့်သူ နေရာကို တခြားတိုင်းဒေသကြီး ပြည်နယ်အသီးသီးကသူတွေ လာရောက် တာဝန်ယူကြရမှာပါ’’ဟု ၎င်းကဆိုသည်။

7daydaily

မူးယစ်ရမ်းကားနေသူကို သွားရောက်ဖမ်းဆီးသည့် ရဲစခန်းမှူး အိမ်ပေါ်မှ တွန်းချခံရ၍ သေဆုံး



30.6.2016
ရှမ်းပြည်နယ် မိုင်းယန်းမြို့တွင် မူးယစ်ရမ်းကားနေသူ အမျိုးသားကို သွားရောက်ဖမ်းဆီးသည့် ရဲစခန်းမှူးတစ်ဦးအိမ်ပေါ်မှ တွန်းချခံရ၍ သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။
မိုင်းယန်းမြို့ ဟောကန်ရပ်ကွက်နေ အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်ပေါ်တွင် မူးယစ်ရမ်းကားနေစဉ် မိုင်းယန်းမြို့မရဲစခန်း စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးရာမှ ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး သက်လွင်က ပြောသည်။
‘‘သေဆုံးသွားတာက မိုင်းယန်းမြို့မ ရဲစခန်းမှူးဒုရဲမှူးထွန်းစံအောင်ဖြစ်ပါတယ်။ ဇွန်လ ၂၈ ရက်ညက ဖြစ်တာ။ သူ(ဒုရဲမှူးထွန်းစံ အောင်)က မြို့မှာ ဆက်ဆံရေး လည်းကောင်းတယ်။ လူချစ်လူ ခင်လည်းပေါတော့ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှု လွန်ကဲသွားပုံရ ပါတယ်။ အိမ်ပေါ်ရောက်တော့ မူးနေတဲ့လူနဲ့ လုံးထွေးလိုက်ရပြီး နှစ်ယောက်စလုံး ပြုတ်ကျတာ။သူက၀တော့ အကျပြင်းသွားတယ်။ ခေါင်းကို ထိပြီးဦးနှောက် ထဲသွေးရောက်သွားတာ’’ဟု ရဲမှူး ကြီးသက်လွင်ကပြောသည်။
ပြုတ်ကျ၍ မြေပေါ် အရောက်တွင် ရဲအရာရှိက အောက်ဘက်သို့ ရောက်သွားပြီး အရက်မူးနေသူက ဖိလျက်အနေအထားဖြင့်ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်းကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး မြင့်ဦးဆွေကပြောကြားသည်။
‘‘အရက်မူးနေတဲ့သူက ဘာဒဏ်ရာမှ မရဘူး။ သူကအပေါ်က ထပ်ကျတာ။ရဲစခန်းမှူးက အောက်ကကျတာ။ လူကလည်းဝတယ်လေ။ ကျွန်တော်တို့အရေးယူထားတဲ့သူက ဒဏ်ရာမရပါဘူး’’ဟု၎င်းကပြောသည်။ အိမ်အမြင့်မှာရှစ်ပေခန့်ရှိပြီး ဆေးရုံသို့ချက်ချင်းပို့ဆောင်သော်လည်းဒဏ်ရာပြင်းထန်သောကြောင့်သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။
သေဆုံးသူရဲအရာရှိသည်ရခိုင်ပြည်နယ်ဇာတိဖြစ်ပြီးဇနီးနှင့်သားသမီးသုံးဦးကျန်ရစ်ကာလိုအပ်သော ထောက်ပံ့မှုများကို ရဲတပ်ဖွဲ့က ဖြည့်ဆည်းပေးထားကြောင်း ရဲမှူးကြီးသက်လွင် ကပြောသည်။ မူးယစ်ရမ်းကား သူကို လူ သေဆုံးသည်အထိ ကျူးလွန်ခဲ့သောကြောင့် ပြစ်မှုဥပဒေပုဒ်မ ၃၀၂ဖြင့် မိုင်းယန်းမြို့မရဲစခန်း တွင် အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။
7Day News

Wednesday, June 29, 2016

မြောက်ကိုရီးယား ၏ Musudan ဒုံးကျည် သည် အာကာသအထိ ရောက်ရှိခဲ့ဟု အမေရိကန် ပြောကြား

ဝါရှင်တန် ၊ ၂၉-၆-၂၀၁၆
မြောက်ကိုရီးယား နိုင်ငံက လွန်ခဲ့သည့် ရက်သတ္တပတ် တွင် ပြုလုပ်ခဲ့သည့် ခြောက်ကြိမ်မြောက် ဒုံးကျည် စမ်းသပ်မှု၌ Musudan ( Hwasong-10 ) တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် သည် အာကာသ အတွင်းသို့ ဝင်ရောက် ခဲ့ပြီးနောက် ကမ္ဘာ့ လေထုအတွင်း ပြန်လည် ရောက်ရှိ ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ဇွန် ၂၇ ရက်တွင်အတည်ပြု ပြောကြားခဲ့ သည်ဟု Yonhap သတင်းတစ်ရပ် အရ သိရသည်။


မိမိတို့ အနေဖြင့် အဆိုပါ ဒုံးကျည် လွှတ်တင်မှုကို တွေ့ရှိခဲ့ကြောင်း၊ ၄င်း ဒုံးကျည်သည် အာကာသ အတွင်းသို့ ရောက်ရှိ ခဲ့ပြီးနောက် ဂျပန်ပင်လယ် ၏ မိုင် ၂၅ဝ အကွာသို့ ကျရောက် ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူ ရေတပ် ဗိုလ်မှူးကြီး ဂျက်ဖ်ဒေးဗီးစ် က သတင်းထောက် များအား ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံပိုင် ဂူအမ်ကျွန်းသို့ ရောက်ရှိနိုင်စွမ်း ရှိသည်ဟု ယူဆထားသော ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုကို ဇွန် ၂၂ ရက်က လုပ်ဆောင် ခဲ့ပြီးနောက် တစ်ရက် အကြာတွင် မြောက်ကိုရီးယား နိုင်ငံက အဆိုပါ ဒုံးကျည် သည် ကမ္ဘာ့လေထု အတွင်းသို့ ပြန်လည် မဝင်ရောက်မီ အာကာသ အတွင်းသို့ ရောက်ရှိခဲ့ ကြောင်းနှင့် အကွာအဝေး ၄ဝဝ ကီလိုမီတာ ရှိ ပစ်မှတ် ရေပိုင်နက် အတွင်းသို့ ကျရောက်ခဲ့ကြောင်း အခိုင်အမာ ပြောကြား ထားသည်။
အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယား နိုင်ငံထက်သာလွန်စေရန် အမြဲတမ်းကြိုးပမ်းလျက် ရှိသောကြောင့် အဆိုပါ ခြိမ်းခြောက်မှုများအား တုံ့ပြန်နိုင်ရန် အသင့်ရှိ နေကြောင်း ဒေးဗီးစ် က ပြောကြား ခဲ့သည်ဟု သိရသည်။

သစ်ထူးလွင်

ပင်လုံညီလာခံဖြစ်ရေး တပ်မတော်က ပူးပေါင်းပါဝင်မည်




ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တို့ ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးနေစဉ်။ Photo: Senior General Min Aung Hlaing/ FacebooKလာမယ့် သြဂုတ်လမှာကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်မတော်ဖက်က အတတ်နိုင်ဆုံးပူးပေါင်းပါဝင်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီနေ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် တို့ နေပြည်တော်မှာတွေ့ဆုံစဉ် ပြောလိုက်တာလို့ ရခိုင်လွတ်မြောက်ရေးပါတီ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ပင်လုံညီလာခံမှာ ပါ ဝင်လာနိုင်ဖို့အတွက် တင်ပြခဲ့ရာမှာ ကာကွယ်ရေးဦးစီးချုပ်က NCA လက်မှတ်ထိုးမယ်ဆိုရင်တော့ ကြို ဆိုတယ်လို့ ပြောခဲ့ကြောင်း ပြောပါတယ်။
လာမယ့်ဇူလိုင်လဆန်းပိုင်းအတွင်း NCA လက်မှတ်မထိုးရသေးတဲ့ UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီက ခေါင်းဆောင်တွေဟာ အစိုးရနဲ့ လာရောက်တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

RFA Burmese