Thursday, June 23, 2016

(KNU) နယ်စပ်ဂိတ်တခုကို မြန်မာစစ်တပ်က အမြန်ဆုံးဖယ်ရှားခိုင်း


                                                ထီးခီးဂိတ် ။


ဇွန် - ၂၃ - ၂၀၁၆
ကရင်အမျိုးသား အစည်းအရုံး(KNU) ဘိတ်/ထားဝယ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် အဓိက၀င်ထွက်ရာ ပင်မဂိတ်စခန်းတခုဖြစ်သော ထီးခီးဂိတ်တ်ကို ယခုရက်ပိုင်းအတွင်း အမြန်ဆုံးဖယ်ရှားပေးရန် ဒေသအခြေစိုက် မြန်မာစစ်တပ်က ရာဇသံပေးထားသည်ဟု ဒေသခံတဦးက ပြောဆိုသည်။
အဆိုပါဒေသခံက (KNU) ထီးခီးဂိတ်ကို စကခ ၁၉ က ယခုရက်ပိုင်းအတွင်း အမြန်ဆုံးဖယ်ရှားပေးရန် ရာဇသံပေးထားပြီး (KNU) အဖွဲ့ဘက်က တစုံတရာ အကြောင်းပြန်ခြင်းမရှိသေးကြောင်း လက်ရှိအနေအထားမှာ ပုံမှန်အတိုင်းရှိနေကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထိုင်း-မြန်မာနယ်စပ်ဂိတ်မှာ လက်ရှိလမ်းအခြေအနေအတိုင်း ထီးခီးမှ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ကိုသွားပါက အချိန် ၄ နာရီခန့်သာ ကြာမြင့်သည့် လမ်းကြောဖြစ်ပြီး (KNU) တပ်မဟာ ၄ ဒေသကို ဖြတ်သန်းသွားရသည့်အတွက် မြန်မာဘက်က အဆိုပါလမ်းကြောကို အလုံးစုံထိမ်းချုပ်နိုင်ရေးအတွက် ထီးခီးစခန်းကို အပူတပြင်း ဖယ်ရှားခိုင်းခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။
ထိုင်းနိုင်ငံဘန်ကောက်မှ ကန်ချနဘူရီသို့ ၁၂၀ ကီလိုမီတာ ကန်ချနဘူရီမှ ဖူးနမ်းမလောနယ်စပ်မျဉ်းသို့ ၃၇ ကီလိုမီတာရှိပြီး မြန်မာဘက်ခြမ်းတွင် ထီးခီးနယ်စပ်ဂိတ် တည်ရှိသည့်အတွက် ဘန်ကောက်နှင့်ထားဝယ်မြို့ ကို အချိန်တိုအတွင်း ခရီးပေါက်သည့် လမ်းကြောဖြစ်သည်။
ထီးခီးဂိတ်မှထားဝယ်ရောက်သည့်အထိ လမ်းခရီးအတွင်း (KNU) တပ်မဟာ ၄ ဌာနချုပ် အပါအ၀င် ဂိတ်နှင့်စခန်းများ တည်ရှိလာသည်မှာ ရာစုနှစ်တ၀က်ကျော်ရှိပြီးဟု ကရင်တပ်မှူးကြီးတဦးက ပြောဆိုသည်။
ထီးခီးဂိတ် ဖယ်ရှားရေးနှင့်ပတ်သက်၍ (KNU) ဘက်က မည်ကဲ့သို့ သဘောထားမည်ကို နယ်စပ်အရေး လေ့လာနေသူများက စိတ်ဝင်တစား လေ့လာစောင့်ကြည့်နေကြသည်။
ထီးခီးစခန်းသည် ယခင်က (KNU) တပ်မဟာ ၄ ၏ ဌာနချုပ်စစ်စခန်း အခြေစိုက်ရာ နေရာဖြစ်သည်။

သတင်း - ကရင်အမျိုးသား မီဒီယာ
thithtoolwin

No comments:

Post a Comment