Thursday, June 23, 2016

ကိုလံဘီယာအစိုးရနှင့် FARC သူပုန်အဖွဲ့အကြား အပြည့်အ၀ အပစ်အခတ်ရပ်စဲရေး သဘောတူ





၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ဟာဗားနားမြို့တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ တွေ့ရသည့် ကိုလံဘီယာသမ္မတ ဆန်းတို့စ် (၀ဲ)၊ ကျူးဘားသမ္မတ ရာအူးကက်စထရို(လယ်)နှင့် FARC သူပုန်အဖွဲ့ခေါင်းဆောင် တီမိုလီယွန်ဂျင်မီနက်ဇ် (ဒု-ယာ)
ကိုလံဘီယာအစိုးရနှင့် FARC ပြောက်ကျား သူပုန်အဖွဲ့တို့သည် အပြည့်အ၀ အပစ်အခတ် ရပ်စဲရန်အတွက် ဇွန် ၂၂ ရက်တွင် သဘောတူညီချက် ရရှိခဲ့ရာ လက်တင်အမေရိက၏ အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲ အဆုံးသတ်ရန် အတွက် နောက်ဆုံး ခြေလှမ်းများအနက် တစ်လှမ်းဖြစ်ခဲ့သည်။
ယင်းကြေညာချက်ကြောင့် ကိုကင်းအဓိက ထုတ်လုပ်သော ကိုလံဘီယာနိုင်ငံ၏ တောများထဲတွင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် ရာစုနှစ်တစ်ခု၏ ထက်ဝက်ခန့် ကြာမြင့်ခဲ့သော ပြည်တွင်းစစ် ပဋိပက္ခကို အဆုံးသတ် စေမည်ဖြစ်သည်။
ယင်းသဘော တူညီချက်သည် ကိုလံဘီယာအစိုးရနှင့် နိုင်ငံတွင်းရှိ အကြီးဆုံးသူပုန် အဖွဲ့ဖြစ်သော ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ် (FARC) တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ နောက်ဆုံး အချက်များအနက် တစ်ခုကို ဖြေရှင်းနိုင်ခြင်း ဖြစ်သည်။ ယင်းသဘောတူညီချက်ကို ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်နှင့် FARC တပ်မှူး တီမိုလီယွန်ဂျင်မီနက်ဇ်တို့က ဇွန် ၂၃ ရက်တွင် တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းအခမ်းအနားသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်အပါအ၀င် ပြည်ပခေါင်းဆောင်များနှင့် တာဝန်ရှိသူများလည်း တက်ရောက်မည်ဟု သိရသည်။ အပြည့်အ၀ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဇူလိုင် ၂၀ ရက်မတိုင်မီ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ကိုလံဘီယာသမ္မတက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

ယခုသဘောတူညီချက်တွင် လက်နက်ချခြင်း၊ လုံခြုံရေးအတွက် အာမခံချက်ပေးခြင်းနှင့် ပဋိပက္ခဖြစ်ပွားစေရန် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရသည့် ရာဇ၀တ်ဂိုဏ်းများကို တိုက်ခိုက်ခြင်းတို့ လွှမ်းခြုံပါဝင်ကြောင်း ကြေညာချက်က ဖော်ပြခဲ့သည်။ နောက်ဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည် ဖော်ရန်အဆင့် ကျန်ရှိနေသေးပြီး  ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်မှုကို လူထုထောက်ခံမှု ရရှိစေရန်အတွက် ဆန်းတို့စ်၏ အစိုးရက လူထုဆန္ဒခံယူပွဲတစ်ခု ကျင်းပရန် လိုလားနေသည်။
ကိုလံဘီယာအစိုးရနှင့် FARC သူပုန်အဖွဲ့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်တွင် ကျူးဘားနိုင်ငံ ဟာဗားနားမြို့၌ စတင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော တစ်နှစ်ခန့်က FARC သည် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့သည်။ ယင်းနောက် ၎င်း၏အဖွဲ့ထဲမှ ကလေးစစ်သားများကို ဖယ်ရှားပေးမည်ဟု FARC က သဘောတူခဲ့သည်။ ပြည်တွင်းစစ် ပဋိပက္ခအတွင်း ထိခိုက်ခံစားရသူများကို လျော်ကြေးပေးရန်နှင့် ယင်းပဋိပက္ခ အားကောင်းစေရန် လှုံ့ဆော်သည့် မူးယစ်ဆေး ကုန်သွယ်မှုကို တိုက်ဖျက်ရန်အတွက် သဘောတူညီချက်များလည်း ရရှိခဲ့ပြီးဖြစ်သည်။
ကိုလံဘီယာ ပြည်တွင်းစစ် ပဋိပက္ခသည် ၁၉၆၀ ပြည့်လွန်နှစ်တွင် ကျေးလက်၌ အုံကြွမှုတစ်ခု ဖြစ်ပွားရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် လက်ဝဲသူပုန်အဖွဲ့များ၊ လက်ယာပြည်သူ့စစ်များနှင့် မူးယစ်ဆေးဂိုဏ်များ ပါဝင်လာပြီး ဆယ်စုနှစ်နှင့်ချီ ဖြစ်ပွားခဲ့သည်။ ယင်းပြည်တွင်းစစ်တွင် လူ ၂၆၀၀၀၀ သေဆုံးခဲ့ပြီး ၄၅၀၀၀ ပျောက်ဆုံးခဲ့ကာ လူခုနစ်သန်းနီးပါး အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရက တရားဝင် ထုတ်ပြန်ခဲ့သည်။ ယင်းပဋိပက္ခတွင် ပါဝင်သည့်ဘက် အားလုံးက ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။
News-Eleven

No comments:

Post a Comment