Wednesday, June 29, 2016

ကားများကို ပိတ်ဆို့ စစ်ဆေးရာ လက်နက် သယ်ဆောင်လာသူများ ဖမ်းမိ

သထုံ ဇွန် ၂၈

မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု ကြာပန်းကျေးရွာအနီး တိုးဂိတ်တွင် ဇွန် ၂၇ ရက်က လက်နက်သယ်ဆောင်လာသည်ဟု သတင်းအရ ကားများအား ပိတ်ဆို့ စစ်ဆေးစဉ် သေနတ်များ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်တွင် သုဓမ္မဝတီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကြားပန်းကျေးရွာ အနီး တိုးဂိတ်တွင် ကားများကို ပိတ်ဆို့စစ်ဆေးရှာဖွေစဉ် ဘားအံဘက်မှ သထုံ ဘက်သို့ ယာဉ်မောင်း စောမြင့်ဝင်း (၄၉နှစ်) မောင်းနှင်ပြီး ဘေးမှ စောထွန်းရီ (၄၈နှစ်) လိုက်ပါလာသော ယာဉ်အမှတ် YGN-D/----- ပါဂျဲရိုး ခဲရောင် ယာဉ်အား ရပ်တန့် စစ်ဆေးရာ စောမြင့်ဝင်း လွယ်ထားသော အညိုရောင် ဘေးလွယ် အိတ်အတွင်းမှ တရုတ်နိုင်ငံလုပ် ငွေရောင် ၉ မမ ပစ္စတို တစ်လက်၊ ၉ မမ ကျည် ငါးထောင့် (ကျည်အိမ်တစ်ခု) စောထွန်းရီ လွယ် ထားသော စစ်ရောင်ဘေးလွယ်အိတ်အတွင်းမှ ပွိုင့် ၂၂ ငွေရောင် ပစ္စတို တစ်လက် တို့အား ရှာဖွေတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် လက်နက် ကိုင်ဆောင်သူ စောမြင့်ဝင်းနှင့် စောထွန်းရီ တို့အား သုဓမ္မဝတီ နယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar

No comments:

Post a Comment