Friday, June 24, 2016

အောက်တိုဘာတွင် ရာထူးမှ နုတ်ထွက်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန် ပြောကြား

ဥရောပ သမဂ္ဂအတွင်းမှ ဗြိတိန် နုတ်မထွက်ရန် တိုက်တွန်း အားထုတ်မှု ရှုံးနိမ့်ခဲ့ပြီးနောက် ဗြိတိန် ဝန်ကြီးချုပ် ရာထူးမှ ဒေးဗစ်ကင်မရွန် နုတ်ထွက်တော့မည်ဟု သိရသည်။
ကင်မရွန်က အောက်တိုဘာတွင် လက်ရှိ ဝန်ကြီးချုပ် နေရာကို စွန့်ခွာတော့မည်ဟု ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် နေအိမ်မှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းသည် ဥရောပ သမဂ္ဂတွင် ဗြိတိန် ဆက်ရှိနေရေးအတွက် လှုပ်ရှား တောင်းဆိုခဲ့သူ တစ်ဦး ဖြစ်သည်။ သို့သော်လည်း ဇွန် ၂၃ ရက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင်မူ ဥရောပ သမဂ္ဂမှ ဗြိတိန် နုတ်ထွက်ရေး အဆိုက ရာခိုင်နှုန်း ကျဉ်းမြောင်းစွာဖြင့် အနိုင်ရသွားခဲ့သည်။
မဲရလဒ်များ တရားဝင် မကြေညာရသေးသော်လည်း ခွဲထွက်ရေး အဆိုသည် ဆက်လက်ပူးပေါင်းရေး အဆိုအပေါ် ၅၂-၄၈ ရာခိုင်နှုန်းဖြင့် အနိုင်ရသွားပြီဟု ဗြိတိန် မီဒီယာများက ဖော်ပြခဲ့သည်။ မဲရလဒ်များ ထွက်ပေါ်လာကတည်းက ဝန်ကြီးချုပ် ရာထူးမှ ကင်မရွန် နုတ်ထွက်သင့်ပြီဆိုသော တောင်းဆိုမှုများ ထွက်ပေါ်လာသည်။
ကင်မရွန်က လက်ရှိ အနေအထားအရ ခေါင်းဆောင်မှုအသစ် လိုအပ်လာပြီဟု ခံစားမိကြောင်း ဆိုသည်။ “နိုင်ငံရဲ့ နောက်ထပ် ကံကြမ္မာသစ်တွေအတွက် ကျွန်တော်က ဦးဆောင်ခွင့် ရထိုက်သေးတယ်လို့ မခံစားမိတော့တာကြောင့်ပါဟု ၎င်းက ပြောကြားခဲ့သည်။ ကင်မရွန်က ဥရောပ သမဂ္ဂမှ ခွဲထွက်ရန် မဲအရေအတွက် များပြားသွားခြင်းသည် ဗြိတိန်ပြည်သူများ၏ သဘောဆန္ဒသာ ဖြစ်သည့်အတွက် မိမိ လေးစားရမည်ဟုလည်း ဝန်ခံခဲ့သည်။
ဥရောပ သမဂ္ဂကို စတင်တည်ထောင်စဉ် ကတည်းက အသင်းဝင် အရေအတွက် တိုးတက်မှုသာ ရှိခဲ့ပြီး ယခုအခါတွင်မူ ဗြိတိန်က ပထမဆုံး နုတ်ထွက်မည့်နိုင်ငံ ဖြစ်လာသည်။ အဆိုပါ နုတ်ထွက်ရေး လုပ်ငန်းစဉ်သည် အနည်းဆုံး ၂ နှစ်မျှ အချိန်ကြာမြင့်နိုင်ကြောင်းလည်း သိရသည်။

7daydaily


No comments:

Post a Comment