Wednesday, June 22, 2016

အိန္ဒိယက တစ်ကြိမ်တည်းဖြင့် ဂြိုဟ်တု ၂၀ အထိ စံချိန်တင် လွှတ်တင်



ဇွန် ၂၂ ရက်က အိန္ဒိယတောင်ပိုင်းရှိ သီရိဟာရီကိုတာ အာကာသစခန်းမှ ဒုံးပျံလွှတ်တင်မှုကို ကြည့်ရှုနေကြသူများ

အကျိုးအမြတ်ကြီးသော အာကာသဈေးကွက်၌ ပိုမိုကြီးမားသော ဝေစုကိုရရန် ကြိုးပမ်းနေသည့် အိန္ဒိယသည် ဂြိုဟ်တုအလုံး ၂၀ အထိ စံချိန်တင် သယ်ဆောင်သွားသည့် ဒုံးပျံကို ဇွန် ၂၂ ရက်က အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ တောင်ပိုင်း အိန္ဒိယရှိ အာကာသစခန်း သီရိဟာရီကိုတာမှ လွှတ်တင်ခဲ့သော ဒုံးပျံသည် အမေရိကန်၊ ဂျာမနီ၊ ကနေဒါနှင့် အင်ဒိုနီးရှားမှ ဂြိုဟ်တုများကို တင်ဆောင်သွားခဲ့ပြီး တစ်ကြိမ်တည်းနှင့် ဂြိုဟ်တုအများဆုံး တင်ဆောင်ခဲ့သော အိန္ဒိယ၏ ဒုံးပျံမစ်ရှင် ဖြစ်ခဲ့သည်။

ဂြိုဟ်တုအများစုသည် ကမ္ဘာပတ်လမ်းအတွင်းသို့ ၀င်ရောက်ပြီးနောက် လေထုကို တိုင်းတာမည်ဖြစ်ပြီး အချို့ဂြိုဟ်တုများက ရေဒီယို အော်ပရေတာများအတွက် ၀န်ဆောင်မှုပေးမည့် ဂြိုဟ်တုများဖြစ်ကြောင်း သိရသည်။ ဖုန်း၊ အင်တာနက်အသုံးပြုမှု မြင့်မားလာနေပြီး အခြားကုမ္ပဏီများနှင့် နိုင်ငံများကလည်း အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာများကို ပိုမိုသုံးစွဲလာနေသောကြောင့် အာကာသတွင်းသို့ ဂြိုဟ်တုများ လွှတ်တင်ရေး စီးပွားရေးလုပ်ငန်းသည် ကြီးထွားလာနေသည်။

အိန္ဒိယသည် ဂြိုဟ်တုလွှတ်တင်ရေး ဈေးကွက်တွင် ဝေစုပိုမို ရရှိရန်အတွက် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နေပြီး ၎င်း၏ စရိတ်သက်သာသော အာကာသအစီအစဉ်များက အိန္ဒိယကို အလေးသာစေသည်။ ဇွန် ၂၂ ရက်က အိန္ဒိယလွှတ်တင်ခဲ့သော ဂြိုဟ်တုအလုံး ၂၀ တွင် ၁၃ လုံးသည် အမေရိကန်မှ ဖြစ်သည်။ 

အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ဂြိုဟ်တုအလုံး ၂၀ လွှတ်တင်မှုကို ဧရာမအောင်မြင်မှုအဖြစ် ချီးကျူးခဲ့သည်။ ရုရှားသည် ၂၀၁၄ ခုနှစ်တွင် ဂြိုဟ်တု ၃၃ လုံးအထိ စံချိန်တင်လွှတ်တင်ခဲ့ပြီး အမေရိကန်က ၂၀၁၃ ခုနှစ်တွင် ဂြိုဟ်တု ၂၉ လုံးအထိ လွှတ်တင်ခဲ့ဖူးသည်။ အိန္ဒိယသည် ပြီးခဲ့သည့်လက ၎င်းတို့၏ ပထမဆုံး အငယ်စားအာကာသလွန်းပျံယာဉ်ကို  အောင်မြင်စွာ လွှတ်တင်ခဲ့ပြီးနောက်  ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံ တည်ဆောက်သည့် ကမ္ဘာ့ပြိုင်ပွဲသို့ ၀င်ရောက်ခဲ့သည်။ 

ယင်းအသေးစား အာကာသလွန်းပျံယာဉ်ကို အိန္ဒိယက ဒေါ်လာ ၁၄ သန်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းပမာဏသည် အခြားနိုင်ငံများမှ ဒေါ်လာဘီလျံနှင့် ချီသော စီမံကိန်းများ၏ အစွန်းထွက် ကုန်ကျစရိတ်ခန့်သာ ရှိသည်။ အိန္ဒိယသည် ၂၀၁၃ ခုနှစ်က အင်္ဂါဂြိုဟ်သို့ လူမဲ့အာကာသယာဉ်ကိုလည်း ဒေါ်လာ ၇၃ သန်းခန့်ဖြင့် လွှတ်တင်ခဲ့သည်။ အမေရိကန် အာကာသအေဂျင်စီ နာဆာ၏ အင်္ဂါဂြိုဟ်မစ်ရှင်သည် ဒေါ်လာ ၆၇၁ သန်း ကုန်ကျခဲ့သည်။ 
News-Eleven

No comments:

Post a Comment