Friday, June 24, 2016

မိုင်းလားမြို့ပေါ်ရှိ ဟိုတယ်နှင့် လောင်းကစားရုံတို့တွင် လာရောက်ခိုလှုံနေသော ကိုးကန့်လူမျိုးများ ပြန်လည် ထွက်ခွာ



ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလားမြို့ပေါ်ရှိ ဟိုတယ်များနှင့် ၀မ်လျှိုကျေးရွာလောင်းကစားရုံတို့တွင် လာရောက် ခိုလှုံနေသော ကိုးကန့်လူငယ်များသည် အလုပ်မှထွက်ပြီး ကိုးကန့်ဒေသသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
“ မိုင်းလားမြို့ထဲမှာ အလုပ်သမားပုံစံနဲ့ ကိုးကန့်အဖွဲ့ဝင်တွေလာနေတာဖြစ်နိုင်ပါတယ်။ လောက်ကိုင်တိုက်ပွဲမှာ မရှုမလှရှုံးပြီး ကစဥ့်ကလျားထွက်ပြေးရတာဆိုတော့ သူတို့ဘယ်ပြေးမလဲ၊ တရုတ်ကိုလား ဒါမှမဟုတ် ဒီမိုင်းလား နယ်မြေထဲကိုလား၊ မိုင်းလားမှာလည်း ရှိဖို့များတယ်။ ဟိုတစ်နေ့က ကိုးကန့်လူမျိုးတွေ ရာချီပြီး မိုင်းလားကနေ ပြန်သွားကြတာတွေ့တယ်။ ဒီမှာ အင်အားစုဆောင်းပြီး အခု ကိုးကန့်ဒေသမှာ ပြန်လည်အခြေချတာ ဖြစ်မယ်၊ စစ်အင်အားတည်ဆောက်ပြီး တိုက်ကွက်တွေဖော်မယ်၊ လောက်ကိုင်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေဖြစ်လာ ဦးမယ်ထင်ပါတယ် ” ဟု တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ဆိုသည်။

“ မိုင်းလားမှာက လောင်းကစားရုံတွေရှိနေတော့ လူပေါင်းစုံလာကစားကြတာပေါ့။ မြို့ပေါ်က ဟိုတယ်တွေ မှာလည်း အခန်းလွတ်မရှိသလောက်ပဲ၊ ဒါပေမယ့် မိုင်းလားဒေသခံရှမ်းတွေ၊ တရုတ်ဘက်ကလာတဲ့ တရုတ် လူမျိုးတွေအပြင် ကိုးကန့်တွေလည်းတွေ့ရတယ်၊ ကြားရတဲ့သတင်းကတော့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ ၀င်တွေ ဒီမှာလာပြီး ခိုလှုံနေတာလို့ပြောတာပဲ” ဟု မိုင်းလား ဒေသခံတစ်ဦးကပြောသည်။
မိုင်းလားအဖွဲ့ခေါင်းဆောင် စိုင်းလင်းသည် ကိုးကန့်သောင်းကျန်းသူအဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်၏ သားမက် ဖြစ်သောကြောင့် လောက်ကိုင်ဒေသတိုက်ပွဲတွင် ရှုံးနိမ့်၍ထွက်ပြေးတိမ်းရှောင်နေရသော ယင်းအဖွဲ့ဝင်များအား လက်ခံထားပြီး ကိုးကန့်ဒေသအား ပြန်လည်တိုက်ခိုက်ရန် လူ၊ လက်နက်အင်အား စုဆောင်းနေခြင်းဖြစ် ကြောင်း ယင်းသတင်းထောက်က ဆက်လက်ပြောကြားသွားသည်။
မိုင်းလားမြို့ပေါ်၌ လာရောက်အလုပ်လုပ်ကိုင်နေသော ကိုးကန့်လူမျိုး ၁၃၀ ခန့်သည် ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းတွင် မိုင်းလားမှတစ်ဆင့် ဆီလူး-မိုင်းဖျန်-မိုင်းပေါက်- ပန်ဆန်း လမ်းကြောင်းအတိုင်း မော်တော်ယာဉ် များဖြင့် ထွက်ခွာသွားကြောင်းနှင့် ပန်ဆန်းမှတစ်ဆင့် လောက်ကိုင်ဒေသအတွင်း အင်အားတည်ဆောက်ရန် အတွက် ဆက်လက်ထွက်ခွာသွားကြောင်း မျက်မြင်ဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရပါသည်။
စိုင်းကောင်းခန့်
Shan News

No comments:

Post a Comment