Thursday, June 23, 2016

၂၀၁၆ ခုနှစ် နှစ်စမှ ဇွန်လလယ်အထိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် ၄၁ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ





ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်အချို့ကို တွေ့ရစဉ်
ယခုနှစ်စမှ စပြီး ဇွန် ၁၅ ရက်အထိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် ၄၁ ဦး သေဆုံးကြောင်း မထသ(ဗဟို) မှ သိရသည်။
ဇန်န၀ါရီ ၁ ရက်မှ ဇွန် ၁၅ ရက်အတွင်း ခရီးသည်တင်ယာဉ်များ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၁၀၅ ကြိမ်အထိ ရှိခဲ့ပြီး ၄၁ ဦး သေဆုံးကာ ၂၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မထသ (ဗဟို) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မထသ (ဗဟို) မှ တာဝန်ရှိသူတစ်ဦးက “ဒီနှစ် ဇန်န၀ါရီ ၁ ရက်ကစပြီး ဇွန် ၁၅ ရက်ထိပေါ့။ ယာဉ်မတော်တဆမှုတွေက ၁၀၅ ကြိမ်ရှိပြီး ၄၁ ဦး သေဆုံးခဲ့တယ်။ ဒဏ်ရာရသူတွေက ၂၃၇ ဦး ရှိပါတယ်  ဟု ဇွန် ၂၂ ရက်က ပြောကြားသည်။
ရန်ကုန်မြို့တွင်း မောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်လိုင်းများမှာ အချင်းချင်း ပြိုင်မောင်းနှင်မှုများ၊ အရှိန်ပြင်းမောင်းနှင်မှုများ ရှိနေပြီး မထသ စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးသည့်အခါတွင်လည်း ရပ်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသည့် ယာဉ်များလည်း ရှိကြောင်း မထသ(ဗဟို) မှ တာဝန်ရှိသူက ဆိုသည်။
ယခုနှစ် ဇန်န၀ါရီအတွင်းက ဖြစ်ပွားခဲ့သည့် ခရီးသည်တင်ယာဉ် မတော်တဆမှု ၁၆ မှုရှိပြီး ငါးဦး သေဆုံးကာ ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီအတွင်း ယာဉ်မတော်တဆမှု ၂၂ မှု ဖြစ်ပွားပြီး ခြောက်ဦးသေဆုံးကာ ၄၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ မတ်လအတွင်း ယာဉ်မတော်တဆမှု ၂၇ မှု ဖြစ်ပွားကာ ရှစ်ဦးသေဆုံးပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီအတွင်း ခရီးသည်တင်ယာဉ် မတော်တဆမှု ၁၆ မှုဖြစ်ပွားပြီး ခုနစ်ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။ မေလအတွင်း ယာဉ်မတော်တဆမှု ၁၈ မှု ဖြစ်ပွားပြီး ၁၃ ဦး သေဆုံးကာ ၅၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခုလ ဇွန် ၁၅ ရက်အထိ ယာဉ်မတော်တဆမှု ခြောက်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း မထသ (ဗဟို) မှ စုံစမ်းသိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်မောင်းအချို့ မှာ လိုင်စင်မရှိဘဲ မောင်းနှင်နေမှုများ ရှိနေပြီး ၎င်းတို့ မောင်းနှင်သည့်ယာဉ်များမှာ ယာဉ်တိုက်မှု ဖြစ်ပွားလေ့ရှိသောကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မထသ (ဗဟို) ပူးပေါင်းပြီး နေရာပေါင်း ၁၄ နေရာတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၁၈ ရက် ညနေပိုင်းက တာမွေမြို့နယ် ဗညားဒလလမ်း သီတာမှတ်တိုင်အနီးတွင် မထသ ၃၉ ယာဉ်လိုင်းမှ အရှိန်လွန်ပြီး လမ်းဘေးရှိ အိမ်စီးကားနှစ်စီးနှင့် ဈေးဆိုင်များကို ၀င်တိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  
News-Eleven

No comments:

Post a Comment