Thursday, December 31, 2015

NSCN(K) အဖွဲ့မှ ဒေသခံတောင်သူများအား ဘိန်းစိုက်ပျိုးသည်ဟုစွပ်စွဲကာ ဆက်ကြေးငွေနှင့် ဘိန်းအဆီများ ပေးဆောင်ရန် ခြိမ်းခြောက်တောင်းခံ

၂၀၁၅ ဒီဇင်ဘာ ၃၁


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ တောင်ယာစိုက်ပျိုးသူများအား ဒီဇင်ဘာလ၂၇ ရက်နေ့တွင် NSCN(K) အဖွဲ့မှ ဘိန်းစိုက်ပျိုးသည်ဟုစွပ်စွဲကာ ဆက်ကြေးငွေနှင့် ဘိန်းအဆီများပေးဆောင်ရန် ခြိမ်းခြောက်တောင်းခံ သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

တနိုင်းမြို့နယ်အတွင်းရှိ တနိုင်းချောင်း၏ ညာဘက်ခြမ်းတစ်လျှောက်သို့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် NSCN(K) အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး တောင်ယာစိုက်ပျိုးသူများအား ဘိန်းစိုက်ပျိုးသည်ဟုစွပ်စွဲကာ စိုက်ပျိုးဧက ၆၀ ခန့်အတွက် တစ်ဧကလျှင် ငွေ ၅ သောင်းကျပ်နှင့် ဘိန်းခြစ်ပြီးပါက ဘိန်းအဆီ ၁၀ ကျပ်သား အား ဆက်ကြေးအဖြစ်ပေးဆောင်ရန် ခြိမ်းခြောက်တောင်းခံသွားကြောင်း တောင်သူတစ်ဦးမှ ပြောပြပါသည်။

“ဒီချောင်းတစ်လျှောက်မှာရှိတဲ့ တောင်ယာတွေမှာ ရာသီပေါ်သီးနှံတွေ စိုက်ပျိုးနေကြတာပါ၊ ဒီနေရာမှာ ကချင်၊ ရှမ်းနှင့် နာဂ လူမျိုးတွေ နေထိုင်ကြတာပါ၊ ကျွန်တော်တို့အားလုံးဟာ တောင်ယာအလုပ်နဲ့ အသက်မွေးနေ ကြတာပါ၊ နာဂသူပုန်အဖွဲ့တစ်ဖွဲ့ရောက်လာပြီး ဒေသခံတွေကို ဘိန်းစိုက်ပျိုးတယ်လို့စွပ်စွဲတယ်၊ အဲလို စိုက်ပျိုးလို့ ဆက်ကြေးငွေနဲ့ ဘိန်းအဆီတွေကို ပေးရမယ်လို့ ခြိမ်းခြောက်တောင်းခံတယ်၊ ကျွန်တော်တို့က ရိုးရိုး သားသားနဲ့ တောင်ယာကို လုပ်ကိုင်စားသောက်နေကြတာပါ၊ ဘိန်းသုံးစွဲတဲ့သူ၊ ရောင်းချတဲ့သူလည်းမရှိပါဘူး၊ ဆက်ကြေးတောင်းချင်လည်း ပေါ်တင်ပြောပြီး တောင်းပေါ့ဗျာ၊ အခုလို စွပ်စွဲပြီးတောင်းတော့ တရားဥပဒေကို မလေးစားရာကျတာပေါ့ဗျာ၊ ဘိန်းအဆီကတော့ ပေးစရာမရှိပါဘူး၊ ဆက်ကြေးငွေကိုတော့ ကြောက်လို့ပေးလိုက် ရပါတယ် ” ဟု ၎င်းမှ ဆက်လက် ပြောပြပါသည်။

NSCN(K) အဖွဲ့သည် တနိုင်းချောင်းတစ်လျှောက်ရှိ တောင်ယာစိုက်ပျိုးသူများအား ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲ ကာ ဆက်ကြေးငွေနှင့်ဘိန်းအဆီများ ခြိမ်းခြောက်တောင်းခံသည့်အပြင် အခြားကျေးရွာများတွင်လည်း ဆက်ကြေးငွေများ ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း တနိုင်းမြို့ခံတစ်ဦး မှ ပြောပြပါသည်။
နော်ဂျာ

Credit >>> Kachin Daily News

No comments:

Post a Comment