Monday, December 21, 2015

မိုးညှင်းမြို့တွင် KIA အဖွဲ့မှ ထောင်ထားသော ဗုံးသီးနှစ်လုံးအား တွေ့ရှိ

၂၀၁၅ ဒီဇင်ဘာ ၂၂
 


ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်အနီး၌ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KIAအဖွဲ့ မှ ထောင် ထားသော ဗုံးနှစ်လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း ယင်းဒေသခံများထံမှသိရသည်။

မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်အနီး မြို့ရှောင်လမ်း၏အရှေ့ဘက်ရှိ အင်းဖို-အင်းမ လျောင်းတော်မူ ဘုရား၏ တောင်ဘက် ငှက်ပျော/ဒညှင်းခြံ၌ ခြုံနွယ်များအား ရှင်းလင်းလုပ်ကိုင်နေစဉ် KIA အဖွဲ့မှ ထောင်  ထားသော ဗုံးနှစ်လုံးအား တွေ့ရှိခဲ့ကြောင်း အရှေ့စုရပ်ကွက်နေသူ တစ်ဦးမှ ပြောပြသည်။


“ကျွန်တော်က ငှက်ပျော/ဒညှင်းခြံမှာ မနက်ကတည်းက ခြုံနွယ်တွေရှင်းလင်းနေတာပါ။ နေ့လည် ၂နာရီ ၄၅ မိနစ်အချိန်လောက်ကျတော့ ခြံစည်းရိုးအပြင်ဘက်မှာ ဗုံးလို့ယူဆရတဲ့ ပစ္စည်း ၂ ခုကို တွေ့ခဲ့တယ်၊ ကျွန်တော်လည်း အဲဒီဗုံးကိုတွေ့တော့ ဘာလုပ်ရမှန်းမသိဘူး၊မသင်္ကာတာနဲ့ ၃ နာရီအချိန်လောက်မှာ ရပ်ကွက်ထဲ ကိုပြန်လာပြီး အုပ်ချုပ်ရေးမှူးကို ပြောပြခဲ့ပါတယ်၊ ပြီးခဲ့တဲ့တစ်ပတ်လောက်က ကျွန်တော့် ငှက်ပျောခြံဘက်ကို KIA အဖွဲ့တစ်ဖွဲ့လာသွားတယ်၊ ဒီကောင်တွေက အစိုးရတပ်တွေဖြတ်သန်းသွားလာတဲ့အခါ ထိခိုက်အောင်လို့ ထောင်ထားတာပါ၊ ဒေသခံတွေလည်း တစ်ယောက်မှ အပြင်ကိုမထွက်ရဲကြပါဘူး၊ သူတို့ထောင်ထားတဲ့မိုင်းကို နင်းမိရင် ထိခိုက်ဒဏ်ရာရမယ်၊ အသက်ဆုံးရှုံးရမယ်၊ ပြီးတော့ နင်းမိတဲ့မိုင်းရဲ့ တန်ဖိုးကို အလျော်ပေးရမှာ စိုးလို့ပါ၊ အဲဒီနောက်မှာတော့မိုးညှင်းမြို့၊ မြို့မရဲစခန်းကို သွားရောက်သတင်း ပို့ခဲ့ပါတယ်”ဟု ၎င်းကဆက်လက် ပြောပြသည်။

KIA အဖွဲ့မှ ထောင်ထားသောနေရာသို့ကြည့်ရှုခဲ့ရာ ဗုံးတစ်လုံးနှင့် တစ်လုံးအား ၁၈ ပေခန့်ခြား၍ ၀ါယာကြိုး အနီနှင့်အနက်ချိတ်ဆက်ထောင်ထားသော ဒေသန္တရလက်လုပ်ဗုံးဖြစ်ပြီး အစိုးရတပ်မှ ဆက်လက် ရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုးညှင်းမြို့၊ မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှပြောပြပါသည်။
နော်ဂျာ

Credit >>> Kachin Daily News

No comments:

Post a Comment