Tuesday, December 8, 2015

SSPP/SSA အဖွဲ့မှ ဒေသခံရွာသား ၂၀ ဦးအား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသည်ဟု အကြောင်း ပြကာ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ ဒီဇင်ဘာ ၈


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်းမုံကျေးရွာသို့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် SSPP/SSA အဖွဲ့ တစ်ဖွဲ့မှရောက်ရှိလာပြီး ဒေသခံရွာသား ၂၀ ဦးအား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသည်ဟု အကြောင်းပြကာ လူသစ်အဖြစ်အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

 
“သူတို့အဖွဲ့က ကျွန်တော်တို့ ရွာကိုရောက်လာပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေကို ဖမ်းမယ် လို့ ပြောတယ်၊ ရွာသားတွေက မူးယစ်ဆေးဝါးနဲ့ပတ်သတ်တဲ့သူ မရှိပါဘူး၊ ကိုယ့်တောင်ယာလုပ်ငန်းကိုပဲလုပ်ကိုင်နေကြတာပါလို့ပြောတော့ သူတို့တွေကလက်မခံဘဲ ရွာသားတွေကိုဖမ်းသွားတယ်” ဟု ရပ်မိရပ်ဖ တစ်ဦးမှ ပြောပါသည်။

SSPP/SSA အဖွဲ့သည် သီပေါမြို့နယ်နှင့် မိုးမိတ်မြို့နယ်အတွင်းရှိ ဒေသခံများကိုလည်း အတင်းအကြပ် လိုက်လံလူသစ်စုဆောင်းနေကြောင်းနှင့် ကုန်းမုံကျေးရွာမှ ဖမ်းဆီးခံရွာသား ၂၀ ဦးအား ကျေးရွာအသီးသီးမှ ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းထားသည့် အမှတ်(၂၅)နယ်မြေအဖွဲ့၏ ယာယီအချုပ်ခန်းသို့ ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။

SSPP/SSA အဖွဲ့အနေဖြင့် ဒေသခံများအား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသည်ဟုအကြောင်းပြကာ အတင်း အကြပ်လူသစ်စု၊ ဆက်ကြေးကောက်ခံမှုများကြောင့် ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ၀မ်းစာအတွက် အလုပ်လုပ်ကိုင်နေကြသည့် ရွာသားများအတွက် စိုးရိမ်စရာအနေအထားဖြစ်လာကြောင်းနှင့် စားဝတ်နေရေး အခက်အခဲဖြစ်လာကြောင်း သီပေါမြို့ခံတစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။

ခွန်စစ်အောင်

Credit >>> Shan News

No comments:

Post a Comment