Monday, December 14, 2015

KIA အဖွဲ့မှ ဒေသခံကျေးရွာသားများအား ဘိန်းခင်းစိုက်ပျိုးသည်ဟု အကြောင်းပြကာ လူသစ်အဖြစ် လိုက်လံဖမ်းဆီး

၂၀၁၅ ဒီဇင်ဘာ ၁၄
 


ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား ဘိန်းခင်းစိုက်ပျိုးသည်ဟု အကြောင်းပြ ကာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်အဖြစ် လိုက်လံဖမ်းဆီးနေကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

ဆဒုံးမြို့နယ်၊ အင်ဘူကောင်းကျေးရွာနှင့် ပန်ဆဲကျေးရွာများ ပတ်ဝန်းကျင်တစ်ဝိုက်သို့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံကျေးရွာသားများအား ဘိန်းခင်းများစိုက်ပျိုးနေသည်ဟု စွပ်စွဲကာ လူသစ်အဖြစ် လိုက်လံဖမ်းဆီးနေကြောင်း ပန်ဆဲရွာသားတစ်ဦးက ပြောပြသည်။
 
“ဒီဒေသမှာရှိတဲ့ ကျေးရွာသားတွေက မိရိုးဖလာလယ်ယာအလုပ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုပြီး ရိုးရိုး သားသား နဲ့ လုပ်ကိုင်စားသောက်နေကြတာပါ၊ ဒီအလုပ်လေးနဲ့ပဲ မိသားစုတွေကို လုပ်ကိုင်ကျွေးနေတာ၊ ဒီနေရာကို KIA အဖွဲ့တွေ ရောက်လာပြီး မင်းတို့ရွာကလူတွေဟာ မူးယစ်ဆေးဝါး သုံးတယ်၊ ရောင်း လည်းရောင်းတယ်၊ ပြီးတော့ ဘိန်းခင်းတွေပါ စိုက်ပျိုးတယ်လို့ စွပ်စွဲပြောဆိုတယ်၊ ရွာထဲမှာလည်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ရှာတယ်၊ ကျွန်တော်တို့ရွာမှာ ဘာမှမတွေ့တော့ မင်းတို့ကောင်တွေ မူးယစ်ဆေးဝါး သုံးစွဲနေတာ၊ ငါတို့လာတာသိလို့ ၀ှက်ထားတာမို့လား၊ ဘာမှ ပြန်မပြောနဲ့ သေသွားမယ်လို့ ခြိမ်းခြောက်တယ်၊ ဘိန်းစိုက်ပျိုးတဲ့သူတွေဆို အသက်အရွယ်ကြီးရင် ဒဏ်ငွေပေးဆောင်ရမယ်၊ အသက်ငယ်တဲ့သူဆိုရင် လူသစ်အဖြစ် ဖမ်းမယ် လို့ပြောပြီးတော့ ရွာကလူငယ် ၂ ယောက်ကို ဇွတ်အတင်းဖမ်းခေါ်သွားတယ်’’ ဟု ၎င်းမှ ဆက်လက်ပြောပြ ပါသည်။

KIA အဖွဲ့သည် ဆဒုံးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံလူငယ်များအား ဘိန်းခင်းစိုက်ပျိုးသည်ဟု စွပ်စွဲပြောဆို၍ လူသစ်အဖြစ် လိုက်လံဖမ်း ဆီးနေသောကြောင့် ဒေသခံလူငယ်များမှာ စိုးရိမ်ထိတ်လန့်နေကြပြီး အချို့ရွာသားများမှာလည်း စားဝတ်နေရေးခက်ခဲလာသဖြင့်ဆဒုံးမြို့ပေါ်သို့ ပြောင်းရွှေ့သွားကြကြောင်း ကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ပြောပြခဲ့ပါသည်။ 

နော်ဂျာ

Credit >>> Kachin Daily News

No comments:

Post a Comment