Monday, December 28, 2015

TNLA အဖွဲ့မှ လူသစ်နှင့်ဆက်ကြေးငွေ အတင်းအကြပ် တောင်ခံမှုများကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်

၂၀၁၅ ဒီဇင်ဘာ ၂၈


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ မြို့မဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းသို့ ပန်ထန်ကျေးရွာမှ ဒေသခံများသည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် TNLA အဖွဲ့မှ လူသစ်နှင့် ဆက်ကြေးငွေ တောင်းခံမှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြောင်း ယင်းဒေသခံ ရွာသား များထံမှ သိရသည်။

“ ပန်ထန်ကျေးရွာကို TNLA အဖွဲ့ ရောက်လာတာအများကြီးပဲ၊ သေနတ်တွေနဲ့ အယောက် ၅၀ ကျော်မယ်၊ ရွာကလူတွေကိုလည်း အဲနေ့က ဘယ်မှမသွားခိုင်းဘူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးအားခေါ်ယူပြီး တစ်အိမ်ကို တစ်ယောက် လူသစ်ပေးရမယ်၊ မပေးနိုင်ရင် ၅၀၀၀၀၀ ပေးရမယ်လို့ပြောတယ်၊ သူတို့တောင်းတဲ့ ဆက်ကြေး လည်း ပေးဖို့မရှိဘူး၊ သူတို့က ဆက်ကြေးကောက်၊ လူသစ်စု၊ ဘိန်းစိုက် ဒါတွေပဲလုပ်နေတာ၊ ကျွန်တော်တို့ရွာမှာပဲ ကိုယ့်အလုပ်ကိုယ် အေးဆေးလုပ်ချင်တယ်၊ ဒါပေမယ့် သူတို့တောင်းတာမပေးရင် အသတ်ခံရမှာစိုးလို့ ထွက်ပြေးလာတာ” ဟု ပန်ထန်ရွာသားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ယခုနှစ်အတွင်း ကားလမ်းပေါ်တွင် သွားလာနေသော မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း၊ ခရီးသည်ယာဉ်များအား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ကွတ်ခိုင်-နမ့်ဖက်ကာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသွားယာဉ်များအား အတင်းအကြပ် ဆက်ကြေးကောက် ခံခြင်းများ ပြုလုပ်လျက်ရှိသည်။

“ ထွက်ပြေးလာတာ အားလုံးပေါင်း ၁၄၀ ကျော်လောက်တော့ရှိမယ်၊ TNLA အဖွဲ့က လူသစ်ကော၊ ဆက်ကြေးကော တောင်းလို့ဆိုပြီး ရွာလုံးကျွတ် ထွက်ပြေးလာတာလို့ပြောတယ်၊ ရောက်လာတဲ့သူတွေ အရမ်းသနားဖို့တော့ ကောင်းတယ်၊ တချို့ဆို ကလေးတွေက ငယ်ငယ်လေးတွေ၊ သူတို့အတွက်တော့ သီးသန့်နေရာလေးတွေ စီစဉ်ပေးထားတယ်၊ ဒီလိုမျိုး အတင်းအကြပ်တော့ မလုပ်သင့်ဘူးလို့ ဘုန်းကြီးကပြောချင်တယ်၊ ဒါအရမ်း အကုသိုလ်များတဲ့အလုပ်ပဲ ၊ မိသားစုတွေ အိုးအိမ်ပါပစ်ပြီး ပြေးရတဲ့အထိ ဒုက္ခရောက်သွားကြတာ၊ အစိုးရအနေနဲ့ ခုလိုဖြစ်နေတာတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးသင့်တယ်၊ ခုတော့ သူတို့တွေအတွက် အုပ်ချုပ်ရေးမှူးတွေနဲ့ စေတနာရှင်တွေက ငွေကော ဆန်၊ ဆီ၊ ဆားပါ လာလှူဒါန်း ကြပါတယ်၊ သူတို့ နေထိုင်စားသောက်ရေး အဆင်ပြေဖို့လည်း ဘုန်းကြီးကျောင်းမှာ အလှူခံဌာန ဖွင့်ထားတယ်” ဟု မြို့မဆု တောင်းပြည့် ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါးက ပြောကြားသွားသည်။

Credit >>> သူရိန်စံ

No comments:

Post a Comment