Thursday, December 17, 2015

ပယင်းကျောက်တူးဖော်နေသူ ၄၅ ဦးအား ပယင်းခိုးယူတူးဖော်သည်ဟု စွပ်စွဲကာ KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး

၂၀၁၅ ဒီဇင်ဘာ ၁၈


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဇီးဖြူကုန်း မှော်တွင် နေရာဒေသအသီးသီးမှ ရောက်ရှိလာသော ပယင်းကျောက် ရှာဖွေတူးဖော်သူ ၄၅ ဦးအား ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပယင်းခိုးယူတူးဖော်သည်ဟု စွပ်စွဲကာKIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

တနိုင်းမြို့ရှိ ဇီးဖြူကုန်းမှော်သို့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် KIA အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာပြီး ဒေသ အသီးသီးမှရောက်ရှိလာသည့် အသက် ၁၈နှစ်နှင့် ၄၀ နှစ်အကြားရှိ ပယင်းကျောက်ရှာဖွေတူးဖော်သူ ကချင်၊ လီဆူး၊ ရခိုင်နှင့် ဗမာ လူမျိုး ၄၅ ဦးခန့်အား ပယင်းခိုးယူ တူးဖော်သည်ဟုစွပ်စွဲကာ ၎င်းတို့စခန်းရှိရာ ထရီဘွမ်တောင်သို့ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်လုပ်ငန်းရှင်တစ်ဦးမှ ပြောပြ ပါသည်။

“ ဒီမှော်ထဲမှာ ပယင်းကျောက်တူးဖော်တဲ့ သူတွေကအများကြီးပဲ။ နေရာဒေသပေါင်းစုံက လူမျိုးပေါင်းစုံ လာကြ တာပါ။ ရိုးရိုးသားသားနဲ့လုပ်ကိုင်စားသောက်နေကြတာပါ၊ ဒါကို KIA အဖွဲ့တစ်ဖွဲ့ရောက် လာပြီး မှော်လုပ်သားတွေကို ပယင်းခိုးတူးတယ်လို့စွပ်စွဲတယ်၊ မှော်လုပ်သားအချို့ကိုလည်း ရိုက်ပုတ်တယ်၊ ပြီးတော့ မှော်လုပ်သား ၄၅ ယောက်ကို မင်းတို့အားလုံး ငါတို့စခန်းကို လိုက်ခဲ့ရမယ်လို့ပြောပြီး အကြောင်းမဲ့ ဖမ်းခေါ်သွားတယ်၊ ဖမ်းခေါ်သွားတဲ့အထဲက ဗမာလူမျိုး ၁၀ ယောက်ကို သူတို့စခန်းမှာ ခြံစည်းရိုးပြုပြင် ခိုင်းတယ်၊ ဆက်သွယ်ရေးမြောင်း တွေလည်း တူးခိုင်းတယ်၊ အစားအသောက်ကျတော့ ထမင်းမပြော နဲ့ ရေတောင် ၀အောင်မတိုက်ဘူး၊ ကျန်တဲ့ ကချင်၊ လီဆူး၊ ရခိုင် လူမျိုး ၃၅ ယောက်ကိုတော့ ပြန်မလွှတ်ဘူး လို့ သိရတယ်၊ သူတို့ကိုလည်း သင်တန်း တက်ခိုင်းပြီး လူသစ်လုပ်ခိုင်းမှာပဲလေ၊ ဆက်ကြေးဆိုလည်း အတင်းခြိမ်းခြောက်တောင်းတယ်၊ တောင်းတာမပေးရင် ဖမ်းဆီးနှိပ်စက်တယ်။ အလုပ်သမားတွေကိုလည်း လူသစ်အဖြစ်အတင်းအဓမ္မဖမ်းတယ်။ တော်တော် မိုက်ရိုင်းတဲ့ကောင်တွေ၊ ကိုယ်ချင်းလည်းမစာဘူး၊ မရှိလို့ သာ လုပ်စားရတာ၊ အလုပ်လုပ်စားရတာ မလွယ်ပါ ဘူးဗျာ” ဟု ၎င်းမှ ဆက်လက်ပြောပြပါသည်။

KIA အဖွဲ့သည် ပယင်းမှော်များရှိ ဒေသခံတိုင်းရင်းသားများထံမှ မကြာခဏဆက်ကြေးကောက်ခံခြင်း၊ ရိက္ခာ စုဆောင်းခြင်း၊ မှော်များအတွင်း ပယင်းကျောက်ရှာဖွေနေသူများအား အကြောင်းအမျိုးမျိုးပြကာ လူသစ်အဖြစ် စုဆောင်းခြင်းများအား ဆက်လက်လုပ်ဆောင်နေကြောင်းလည်း တနိုင်းမြို့ခံတစ်ဦး က ပြောပြပါသည်။
နော်ဂျာ

Credit >>> Kachin Daily News

No comments:

Post a Comment