၂၀၁၅ ဒီဇင်ဘာ ၂
Credit >>> The Voice
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူ ကားလမ်းအနီးရှိ ကျေးရွှာများတွင်
အမည်မသိလက်နက်ကိုင် တပ်ဖွဲ့ဝင်အချို့က ဒေသခံအမျိုးသား ၅၀ခန့်ကို ဖမ်းဆီး
ခေါ်ဆောင်သွားကြောင်း လားဟူအမျိုးသား ဖွံဖြိုး တိုးတက်ရေးပါတီ ဥက္ကဌ ဦးယောသပ်က
ပြောကြားသည်။
နိုဝင်ဘာလ ၂၆ ရက်က
အဆိုပါကားလမ်းအနီးရှိ
အီနိုင်း၊ ပန်းဟုမ်း၊ လွယ်တောက်နှင့် ကောင်းခါးကျေးရွှာ များမှ ဒေသခံများကို
လက်နက်ကိုင်အချို့က ကျေးရွာထဲဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး
နိုဝင်ဘာလ ၂၇ရက်တွင် ကျန်ရှိသော ဒေသခံများက
လားဟူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီထံ အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း
ယင်းပါတီထံမှသိရသည်။
“ဖမ်းတဲ့သူတွေက ကချင်စကားပြောကြတယ်လို့
ပြောတယ်။ ကျွန်တော့်ကို သတင်းပေးတဲ့အရဆိုရင် ရှမ်းလူမျိုးဆိုရင် သူတို့က
မဖမ်းဘူးတဲ့။ ပလောင်နဲ့ လားဟူလူမျိုးတွေကိုပဲ အဓိက
ဖမ်းခေါ်သွားတယ်လို့ပြော တယ်။ ဘာကြောင့်ဆိုတာ မသိရသေးဘူး။ ဘယ်အဖွဲ့ဆိုတာလည်း
တိတိကျကျ မသိရသေးဘူး ဖြစ်နေ တယ်” ဟု ဦးယောသပ်က ဆိုသည်။
လက်ရှိတွင်
အီနိုင်းရွာမှ၃၀ဦး၊ သိန္နီကောင်းခါးရွာမှ ခြောက်ဦး၊ လွယ်တောက်ရွာမှလေးဦး၊ ပန်းဟုမ်းကျေး ရွာမှ နှစ်ဦးတို့ ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာလ ၂၉ ရက်က
သိန္နီကောင်းခါးရွာနေ ဖမ်းဆီးခံရသူတစ်ဦး
ထွက်ပြေးလွတ်မြောက်လာကြောင်း၊ ကျန်ဒေသခံများမှာ မသိရသေးကြောင်း
လားရှိုးမြို့ရှိ လားဟူ ဘော် ဒါဆောင် တာဝန်ခံ ဦးအေဇက် ကပြောသည်။
“ဖမ်းခံရမှာစိုးလို့ လားရှိုးကို တက်လာတဲ့ လူငယ်တွေက သူတို့
နီးစပ်ရာဆွေမျိုးတွေဆီ လာကြတာပါ၊ သူတို့ရဲ့ အိမ်တွေမှာ လူမဆံ့တော့
ကျွန်တော့် ဘော်ဒါဆောင်မှာ ခေါ်ထားတာပါ၊ လားဟူလူငယ်
ဆယ်ယောက်ရှိတယ်၊ ဒီနေ့တော့ အကုန်လုံးပြန်သွားပြီ” ဟု ၎င်းကဆိုသည်။
အဆိုပါ လားဟူလူငယ်များမှာ ကောင်းခါးနှင့်နမ့်ပက်ချီးအနီးရှိ
ရွာများမှဖြစ်ပြီး မိဘများနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက
ရှောင်တိမ်းခိုင်းသဖြင့် ရောက်လာခြင်းဖြစ်ကြောင်း၊ ယခုအခါတွင်
အခြေအနေအေး ချမ်းပြီဟု အကြောင်းကြားသဖြင့် တောင်ယာရိတ်သိမ်းရန်
ပြန်သွားကြခြင်းဖြစ်ကြောင်း လားဟူ ဘော် ဒါဆောင် တာဝန်ခံ ဦးအေဇက်က ရှင်းပြသည်။
လက်ရှိအချိန်တွင်
ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ဒေသခံများ၏
မိသားစုများက စုံစမ်းမှုများပြုလုပ်နေကြောင်း၊ ဖမ်းဆီးခေါ်
ဆောင်သွားခြင်းနှင့်ပတ်သက်၍ လာရောက်ပြောကြားမှုများ ရှိသော်လည်း
မည်သည့်အဖွဲ့ဆိုသည်ကို မသိရှိရ၍ စုံစမ်းရခက်ခဲနေကြောင်း လားဟူအမျိုးသား
ဖွံဖြိုး တိုးတက်ရေးပါတီ ဥက္ကဌ ဦးယောသပ်က ဆိုသည်။
No comments:
Post a Comment