Saturday, June 15, 2013

တရားမဝင် မှောင်ခိုတားဆီးရေး ရှမ်းပြည်နယ် အစိုးရသို့လွှဲအပ်

16 June 2013

တရုတ်-မြန်မာ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော ကုန်ပစ္စည်းများကို တားဆီးနေသည့် မူဆယ်-မန္တလေး လမ်းကြောင်းရှိ ရွေ့လျား စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းများကို ဇွန်လ ၁၄ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ကုန်သွယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးညွန့်အောင်က ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို အခြေစိုက် ရွေ့လျား စစ်ဆေးရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ် မှောင်ခိုကုန်သွယ်မှု တားဆီးရေးအတွက် ဖွဲ့စည်းခဲ့ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ယူပြီးနောက် ခုနစ်လကျော်အကြာတွင် ယင်းကဲ့သို့ လွှဲပြောင်း ပေးခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ပြည်နယ်အစိုးရကလွှဲယူလို့လည်းမိုဘိုင်းတင်းမ်ရဲ့ရည်ရွယ်ချက်ကပျောက်မှာမဟုတ်ပါဘူး။မှောင်ခိုတားဆီးရေးအတွက် ကျွန်တော်တို့အနေနဲ့ လေဆိပ် ၊ ရေဆိပ်တွေမှာ ပိုပြီးအာရုံစိုက် လုပ်မှာပါ”ဟု ၎င်းက ဆိုသည်။

မူဆယ်-မန္တလေး လမ်းကြောင်း ရွေ့လျား စစ်ဆေးရေးအဖွဲ့ နည်းတူ မြဝတီ-ရန်ကုန် လမ်းကြောင်း ရွေ့လျား စစ်ဆေးရေး အဖွဲ့ကိုလည်း ပဲခူးတိုင်းဒေသကြီး အစိုးရထံသို့ ဇွန်လ ၈ ရက်နေ့တွင် လွှဲပြောင်း ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ဆိုသည်။

ရွေ့လျားစစ်ဆေးရေးအဖွဲ့ကို တိုင်းဒေသကြီးအစိုးရသို့ လွှဲပြောင်းသော်လည်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်
ရေးဝန်ကြီးဌာနဝန်ထမ်းများကယင်းအဖွဲ့လုပ်ငန်းဆောင်ရွက်မှုများတွင်ကူညီသွားမည်ဟု၎င်းကဆိုသည်။

နယ်စပ်မှ ဝင်ရောက်လာသည့် တရားမဝင် ကုန်ပစ္စည်းများ တားဆီးရေး အတွက် ပဲခူးတိုင်းဒေသကြီး ဝေါမြို့ အခြေစိုက် မြဝတီ-ရန်ကုန် လမ်းကြောင်းရွေ့လျား စစ်ဆေးရေးအဖွဲ့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို အခြေစိုက် မူဆယ်-မန္တလေး လမ်းကြောင်း ရွေ့လျား စစ်ဆေးရေး အဖွဲ့တို့ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ဖွဲ့စည်းဆောင် ရွက်ခဲ့ရာ မေလ ၃၁ ရက်နေ့အထိ တရားမဝင် ကုန်စည် ဖမ်းဆီးရရှိမှု ကျပ် သန်းလေးထောင့်ခြောက်ရာကျော် ရှိကြောင်း ယင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

The Voice

No comments:

Post a Comment