Tuesday, February 19, 2013

ရေရှည် တည်တံ့သော အောင်မြင်မှု ပန်းတိုင်ဆီသို့


19 February 2013
 Written by ရွှေကူ

လောက လူ့ရွာအတွင်း နေထိုင်ကြသူ တို့သည် စိတ်ကူး ကြံစည်မှု၊ အယူ အဆနှင့် မူဝါဒ၊ ဦးတည်ချက် ပန်းတိုင် စသည်တို့၌ အမျိုးမျိုးဖြင့် ဘဝ ခရီးကို ရှေ့သို့သာ သွားနေ ကြ၏။ ရှေ့သို့သာ သွားကြရာ၌ ဖြောင့်ဖြောင့်တန်းတန်း သွားကြမှသာ ခရီးတွင်မည် ဖြစ်သည်။

 ဖြောင့်ဖြောင့်တန်းတန်း ဟူသည်မှာ ရိုးသား ဖြောင့်မတ်ခြင်းပင် ဖြစ်သည်။ရိုးသားခြင်း၏ ဆန့်ကျင်ဘက်မှာ မရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၏ ဆန့်ကျင်ဘက်မှာ ကောက်ကွေ့ခြင်း သို့မဟုတ် မာယာ များခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ရှင်တော် မြတ်ဗုဒ္ဓက ဖြောင့်မတ်ခြင်း ဟူသည် မာယာ ကင်းရှင်းခြင်းကို ခေါ်သည်ဟု မိန့်မှာခဲ့သည်။ 

မာယာပြစ်ဖုံး၊ ဟိတ်ဟန်သုံး၊ ခေါ်ထုံး သာဋ္ဌေယျ ဟုဆိုသည်။ မာယာဟူသည် ကိုယ့်မှာ ရှိနေသည့် အပြစ်ကိုသူများမသိအောင် ဆင်ခြေ အမျိုးမျိုးနှင့်  ဖုံးကွယ်ခြင်း၊ ကာကွယ်ခြင်း ဖြစ်၏။ သာဋ္ဌေယျ ဆိုသည် မိမိ၌ မရှိသော ဂုဏ်၊ မရှိသောအရည်အချင်း တို့ကို ရှိဟန် ဆောင်ခြင်း၊ ရှိသည်ထက် ပို၍ အထင်ကြီး စေလိုသော စိတ်ဖြင့် ဟန်ဆောင်ပန်ဆောင် လုပ်ခြင်း၊ ဟိတ်ကြီးဟန်ကြီး လုပ်ခြင်းဖြစ်သည်။


 လူအများစုသည် အပြစ်မကင်း ကြသော်လည်း မိမိ အပြစ်ကို မိမိ မြင်ကြသည် မဟုတ်။ မြင်ပါသော်လည်း မပြင်ချင်ကြ။ အပြစ် ရှိသူကို အပြစ် တင်လျှင်လည်း မကြိုက်၊ မိမိအပြစ် ကိုလည်း ဝန်မခံချင် ရှိတတ်သည်။ အပြစ် ပြောသည်ကိုလည်း မကြိုက်၊ မိမိ အပြစ်ကိုလည်း မပြုပြင် လိုသော သဘောထား တို့သည် မာယာပင် ဖြစ်၏။ လူတို့၏ အပြင်းပြ ဆုံးသော ဆန္ဒမှာ အခြားသူ များ၏ အထင်ကြီးမှု ခံယူလိုခြင်း ဖြစ်၏။ ထို့ကြောင့် ဟန်ဆောင်ပန်ဆောင် လုပ်ကြသည်။ ဟိတ်ကြီးဟန်ကြီး လုပ်ကြသည်။ ထိုသို့ မရှိသည်ကို ရှိဟန်ဆောင်ခြင်း သဘောတို့က သာဋ္ဌေယျ ဖြစ်၏။ မာယာနှင့် သာဋ္ဌေယျ နှစ်ခု စလုံးသည် ကောက်ကွေ့ ခြင်းပင် ဖြစ်သည်။

 ဗုဒ္ဓ ဘုရားရှင်က စိတ်၏ သဘောသည် တုန်လှုပ်နေ၏။ လျှပ်ပေါ် လော်လည်တတ်၏။ စောင့်ရှောက်ဖို့ ခက်ပါ၏။ တားဆီးဖို့ ခက်ပါ၏။ လေးသမားသည် မြားကိုဖြောင့်အောင် လုပ်ပြီးမှ ပစ်သကဲ့သို့ ပညာရှိ ပုဂ္ဂိုလ်သည် မိမိစိတ်ကို ဖြောင့်အောင် ထားပြီးမှ သုံးရမည်ဟု မိန့်မှာတော် မူခဲ့သည်။ ဖြောင့်သောမြားနှင့် ပစ်မှသာ လိုရာ ပစ်မှတ်ကို ထိနိုင်၏။ ထို့အတူ ရိုးဖြောင့်သော စိတ်ထားနှင့် လုပ်မှသာ လိုရာကိစ္စ အမှန်တကယ် ပြီးမြောက်နိုင်မည် ဖြစ်သည်။ ထိုသို့ မဟုတ်ပါက အကျိုး ရှိနိုင်မည် မဟုတ်ပေ။ မေတ္တသုတ် နိဒါန်းတွင် လူတစ်ယောက်၏ အရည် အသွေးကို ပြဆိုရာ၌ သက္ကော- စွမ်းဆောင် နိုင်ရမည်၊ ဥဇု- ဖြောင့်မတ်ရမည်၊ သုဟုဇု-အထူးပင် ဖြောင့်မတ် ရမည်ဟု မိန့်မှာထားသည်။ လောက၌ လူတော်လူကောင်း သတ်မှတ် ရာတွင် လူတော်ဖြစ်ရန် တစ်ခုခု စွမ်းဆောင် နိုင်ရမည်။ လူကောင်းဖြစ်ရန် ဖြောင့်မတ်ရမည်။ အရည်အချင်း ရှိသူက လူတော်၊ ရိုးသား ဖြောင့်မတ် သူက လူကောင်း၊ နှစ်ခုစလုံး ပြည့်စုံလျှင် လူတော် လူကောင်းဟု သတ်မှတ်ကြသည်။ 

ထိုနှစ်မျိုး အနက်မှ တစ်မျိုးသာ ရှိကြလျှင်မူ လူကောင်းကိုသာ ရွေးချယ် ကြရမည် ဖြစ်သည်။ အကြောင်းမှာ လုပ်ငန်းတစ်ခု ကောင်းအောင် လုပ်ရန်မှာ လူကောင်းကသာ ရေရှည် အကျိုး စီးပွားကို ဆောင်နိုင်မည် ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ဖြောင့်ဖြောင့်စင်းစင်း ဟူသောဂုဏ်သည် သမိုင်းတင်၍ မော်ကွန်းဝင်သော ဂုဏ်ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ဖြောင့်ဖြောင့် စင်းစင်းနှင့် ယှဉ်သော အောင်မြင်မှုသည် နှစ်ပရိစ္ဆေဒ အပိုင်းအခြား မရှိ တည်တံ့၏ ဟူ၍ ပညာရှိ သူတော် ကောင်းများ သွန်သင် ခဲ့ကြသည်။

 သို့ဖြစ်၍ လောက လူ့ရွာအတွင်း နေထိုင်ကြသူ တို့သည် ကိစ္စတိုင်းကို ရိုးရိုးရှင်းရှင်း ဖြောင့်ဖြောင့် စင်းစင်းဖြင့် လုပ်ကိုင် ကြမှသာ ရေရှည် တည်တံ့သော အောင်မြင်မှု ပန်းတိုင် ဆီသို့ ရောက်ရှိနိုင်မည် ဖြစ်ပေသည်။

From: Myawady

No comments:

Post a Comment