Friday, February 15, 2013

အခြေအနေ အချိန် အခါနှင့် အခွင့်အလမ်း အကျိုးရှိရှိ အသုံးချ


15 February 2013
Written by ရွှေကူ

 လူဆိုသည်မှာ အဖွဲ့အစည်း အသင်း အပင်းနှင့် နေထိုင်တတ်သော သက်ရှိ သတ္တဝါ ဖြစ်ခြင်းကြောင့် လူတိုင်းသည် ပတ်ဝန်းကျင် အသိုင်း အဝိုင်းနှင့် အတူ နေထိုင်ကြသော လူ့အဖွဲ့ အစည်း၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လူ့အဖွဲ့ အစည်းသည်လည်း လူတိုင်းအတွက် လိုအပ်ချက် ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး ချင်းသည် လူ့အဖွဲ့ အစည်းအတွက် ဖြစ်သကဲ့သို့ လူ့အဖွဲ့ အစည်းသည်လည်း လူတစ်ဦးချင်းစီ အတွက်ပင် ဖြစ်သည့် အားလျော်စွာ       လူအချင်းချင်း    ချစ်ကြည်    ရင်းနှီးမှု၊    ရိုင်းပင်းကူညီမှု ရှိကြရမည်  ဖြစ်သည်။ လူ့အဖွဲ့ အစည်းအတွင်း နေထိုင် ကြရသည့် ပုဂ္ဂိုလ်များသည် လူအချင်းချင်း အပေါ်
ထားရှိရမည့် စိတ်သဘောထား     အမှန် တရားကို     စဉ်းစား ဆုံးဖြတ်နိုင်စွမ်း   ရှိကြမှသာ လူ့အဖွဲ့အစည်း၏ ကောင်းကျိုး အဖြာဖြာ တို့ကို ဆောင် ကြဉ်း နိုင်ပေမည်။ လူ့အဖွဲ့ အစည်း၏ ကောင်းကျိုးတို့ကို ဆောင်ကြဉ်းနိုင်ရန် လူတစ်ဦးချင်း စီ၏ ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် အကျိုးရှိ မှန်ကန်သော အားထုတ်မှု ရှိရမည်။ အကျိုးရှိ မှန်ကန်သော အားထုတ်မှု ဆိုသည်မှာ လုပ်သင့် သည်ကို လုပ်ကိုင် အားထုတ်ခြင်း၊ မလုပ်သင့် သည်ကို မလုပ်မိအောင် ရှောင်ကြဉ်နိုင်ရန် အားထုတ်ခြင်းပင် ဖြစ်သည်။ လူ့လောက တွင် လုပ်သင့်သည့် အလုပ်ကို အချိန်အခါ အလျောက် လုံ့လ၊ ဝီရိယ စိုက်၍ မဖင့်မနှေး လုပ်ကိုင် ကြရသည်များ ရှိသကဲ့သို့ မလုပ်သင့်သော အလုပ်နှင့် မလုပ်သင့်သော အချိန်အခါ တို့ကိုလည်း စဉ်းစားချင့်ချိန် တတ်ကြ ရပေမည်။ လုံ့လ ဝီရိယ စိုက်ထုတ်ခြင်းသည် အခြေအနေ အချိန်အခါ အလိုက် ချင့်ချိန်ရမည် ဖြစ်ကြောင်း မဃဒေဝ လင်္ကာအပိုဒ် ၂၄၅ တွင် ဖွဲ့ဆိုထားသည်မှာ ''လုံ့လမထူ၊ ဉာဏ်မကူဘဲ၊ အယူ တစ်ချောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလည်း ကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရှု၍၊ မပြုလုံ့လ၊ ရှိအပ်စွတည့်၊ တံငါ့ လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင်ငါးကို၊ မှတ်သားဝမ်းထဲ၊ နည်းယူစွဲလော့၊ ကံမွဲဉာဏ်နုံ့၊ မလုံ့မလ၊ နတ်မမဘူး၊ အလသမျိုး၊ အကျိုးယွင်းယို၊ အလိုလျော့ရဲ၊ မကျော့ ကျည်းလင့်'' ဟူ၍ တွေ့ရသည်။ တံငါ့လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင်ငါး ဆိုသည်မှာ တံငါသည် တစ်ဦးသည် ကွန်နှင့် ပစ်ဖမ်းရာမှ ရလာသော ငါးသုံးကောင်ကို လှေဝမ်းတွင်း၌ အရှင် ထည့်ထားပြီး လှေကို ဆက်လှော်လာသည်။ တစ်ကောင်သော ငါးမှာ လှေတွင်းမှ ခုန်ထွက်ရန် အကြိမ်ကြိမ် ကြိုးစား သော်လည်း လှေနံရံကို မကျော်နိုင်ဘဲ တံငါသည်က လှေတက်နှင့် ရိုက်သတ်လိုက် သည်။ ဒုတိယ ငါးတစ်ကောင်မှာ အခါ အခွင့်ကို အကဲခတ်လျက် လှိုင်းအထ လှေအလူးတွင် လှေစောင်း သွားချိန်၌ အလိုက်သင့် ကြိုးစား ခုန်လိုက်ရာ ရေထဲ ပြန်ရောက်၍ အသက်ရှင်ခွင့် ရသွားသည်။ ကျန်တစ်ကောင်မှာ သတ္တဝါ တစ်ခု ကံတစ်ခုပဲဟု ဆိုကာ မည်သို့မျှ အားမထုတ်ဘဲ ငြိမ်နေခြင်းကြောင့် အိမ်ပြန်သော တံငါသည်၏ ပလိုင်းထဲ ပါသွားပြီး ဟင်းစား ဖြစ်သွားတော့ သည်ကို ရည်ညွှန်း ဖော်ပြထားခြင်း ဖြစ်သည်။ လူတို့သည် လူ့အဖွဲ့ အစည်းအတွင်း ဘဝ နေထိုင်မှု အတွက် ကြိုးစားအားထုတ် ကြရာ၌ သူများ ယောင်လို့ယောင် အမောင် တောင်မှန်းမြောက်မှန်း မသိဖြစ်ကာ ဖြတ်လမ်းသမား၊ ကံစမ်းသမား၊ ယောင်ဝါးဝါး သမားများ မဖြစ်စေဘဲ ပညာဉာဏ်ဖြင့် သင့်၊ မသင့်ကို ဝေခွဲ တတ်ကြရန် အရေးကြီးသည်။ အတုမြင် အတတ်သင် ဆိုကြရာဝယ် အတုကိုသာ ခိုးလို့ ရသည်၊ အစစ်ကို ရရှိရန်မှာ ကိုယ်တိုင်လိုက်နာ ကျင့်ကြံ အားထုတ်မှ ရနိုင်သည်ဟု ပညာ ရှိများ သွန်သင်ထား သည်။ သို့ဖြစ်၍ လူ့လောက ငြိမ်းချမ်း သာယာ၍ ဗြဟ္မစိုရ် တရားများ ထွန်းကားရေး အတွက် လုပ်ငန်း စဉ်များ စတင် ဆောင်ရွက် ရန်မှာ ယနေ့သည် အချိန်ကောင်း အခါကောင်း ဖြစ်ရုံမျှ မက ပတ်ဝန်းကျင် ကောင်းများလည်း ဖန်တီး ပေးထားပြီ ဖြစ်ရ ကား စစ်မှန်သော သဘောထား ခံယူချက် များဖြင့် ကိုယ်စီကိုယ်င ပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

From :Myawady

No comments:

Post a Comment