24 February 2013
Written by ရွှေတည်
Written by ရွှေတည်
ကမ္ဘာမြေ မျက်နှာပြင်၏ ၇ဝ ရာခိုင်နှုန်း ခန့်ကို ရေများက ဖုံးလွှမ်း ထားသော်လည်း ထိုရေထု၏ ၉၇ ရာခိုင်နှုန်းသည် ပင်လယ်ရေငန် ဖြစ်ပြီး ၃ ရာခိုင်နှုန်း ခန့် သာ ရေချိုဖြစ်ကြောင်း ပညာရှင်များ ၏ လေ့လာ တွေ့ရှိချက် အရ သိရသည်။ ကမ္ဘာပေါ်ရှိ ရေချို သယံဇာတများ အားလုံး၏ ၆ဝ ရာခိုင်နှုန်း ကျော်ခန့်သည် တောင်တန်းဒေသ များမှ ရရှိသည်။ ထိုတောင်တန်း ဒေသများသည် ကမ္ဘာမြေ မျက်နှာပြင်၏ ၂၄ ရာခိုင်နှုန်း ခန့်ရှိပြီး ကမ္ဘာ့ လူဦးရေ၏ ၁၂ ရာခိုင်နှုန်းတို့ နေထိုင်လျက် ရှိသည်။
ကမ္ဘာပေါ်ရှိ မြစ်ချောင်းများသည် တောင်တန်း ဒေသများမှ စတင် စီးဆင်းလာခြင်း ဖြစ်သည်။ တောင်တန်း ဒေသများရှိ ရေဝေရေလဲ အနေအထား များကြောင့် ဖြစ်ပေါ်လာသော ရေတံခွန်များ မှာလည်း ရေအရင်း အမြစ်များ ဖြစ်သည်။ ဟိမဝန္တာ တောင်တန်းများမှ ရေချို အရင်းအမြစ် များသည် အာရှတိုက်ရှိ အကြီးမားဆုံး မြစ်ကြီး ၁ဝ စင်းထဲသို့ စီးဆင်းကြသည်။ ၎င်းမြစ်ကြီး များမှာ အမုဒြာရာ၊ ဘရာမာ ပူတွာ၊ ဂင်္ဂါ၊ အိန္ဒု၊ ဧရာဝတီ၊ မဲခေါင်၊ သံလွင်၊ တာရင်မ်၊ ရန်ကျဲနှင့် မြစ်ဝါမြစ်တို့ ဖြစ်သည်။ အာရှတိုက်ရှိ လူသန်းပေါင်း ၁၃ဝဝ ကျော်တို့သည် ထိုမြစ်ကြီး များမှ ရေနှင့် အခြား အစားအစာ အထောက်အပံ့ ရရှိနေ ကြသည်။ တောင်တန်း ဒေသများရှိ ရေချိုအရင်း အမြစ်များမှာ ရေခဲပြင်များ၊ ဆီးနှင်းများ၊ ရေခဲကန်များနှင့် မိုးရွာသွန်းမှု တို့မှ ရရှိခြင်း ဖြစ်သည်။ ၎င်းရေအရင်းအမြစ် များသည် လူတို့ အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင် များနှင့် လိုအပ်ချက်များ အတွက် မှီခိုအားထားရာ ဖြစ်သည်။ အထူးသဖြင့် သောက်သုံးရေ၊ စိုက်ပျိုး မွေးမြူရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် ရေအားလျှပ်စစ် ထုတ်လုပ်မှု ကဏ္ဍများ အတွက် ၎င်းရေအရင်း အမြစ်များက ပို၍ အရေးပါ လျက်ရှိသည်။
တောင်တန်း ဒေသများတွင် ဇီဝမျိုးစုံ မျိုးကွဲများလည်း ပေါကြွယ်ဝ သဖြင့် ကမ္ဘာ့ဇီဝ မျိုးစုံမျိုးကွဲ များ၏ လေးပုံတစ်ပုံခန့် ကျက်စား လျက်ရှိရာ တောင်တန်း ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက် စေရန်နှင့် အစိမ်းရောင် စီးပွားရေး ကဏ္ဍ တိုးတက် မြင့်မားစေရန် ဇီဝမျိုးစုံ မျိုးကွဲများအား ထိန်းသိမ်းစောင့်ရှောက် ရမည်ဖြစ်သည်။
တောင်ပေါ် သစ်တောများသည် ရေဝေရေလဲ ဒေသများအား ထိန်းသိမ်း စောင့်ရှောက်ပေးသည့် အပြင် ရေစီးကြောင်း တစ်လျှောက် အနည်အနှစ် ကျခြင်းကို လျော့နည်းစေပြီး ကောင်းမွန် သန့်ရှင်းသော ရေများ စီးဆင်း နိုင်ရန် အတွက်လည်း အကူအညီ ပေးသည်။ တောင်တန်းများရှိ ရေသယံဇာတများ အရည်အသွေး ကျဆင်းမှုနှင့် လျော့နည်းမှု တို့ဖြစ်လာ ပါက သက်ရှိများ အသက်ရှင်သန် နေထိုင်နိုင်ရန် ကြီးမားသော အခက်အခဲ များနှင့် ရင်ဆိုင် ကြုံတွေ့ရမည် ဖြစ်သည်။ တောင်တန်း ဒေသများ၏ ပတ်ဝန်းကျင် ယိုယွင်း ပျက်စီးမှု များသည် ရေရှားပါးမှုကို ဖြစ်ပေါ်စေသည်။ ထို့အပြင် စိုက်ပျိုးရေး စွန့်ပစ် ပစ္စည်းများနှင့် စက်ရုံ အလုပ်ရုံ များမှ ထုတ်လုပ်သော စွန့်ပစ် ပစ္စည်းများ သည်လည်း ရေအရည် အသွေးကို ကျဆင်းစေပြီး ရေထု ညစ်ညမ်းမှု ဖြစ်ပေါ်စေကာ မသန့်ရှင်းသော ရေများကြောင့် သက်ရှိ သတ္တဝါများ သေဆုံးမှု တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား လျက်ရှိနေသည်။
သို့ဖြစ်၍ ရေရှားပါးမှုနှင့် သန့်ရှင်းသော သောက်သုံးရေ ပြတ်လပ်မှု ပြဿနာများ လျော့နည်းလာ စေရန် ရေသယံဇာတ အရင်းအမြစ်များ စဉ်ဆက် မပြတ်ဖွံ့ဖြိုး တိုးတက်ရေး တောင်ပေါ် သစ်တောများ ထိန်းသိမ်းခြင်းသည် ကမ္ဘာ့လူသား အားလုံးတို့ ရှင်သန်ရေး အတွက် ကောင်းသော လုပ်ငန်းစဉ်ပင် ဖြစ်ပေသည်။ ။
No comments:
Post a Comment