Sunday, August 30, 2015

မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာအား ၁ ရွာလျှင် လူသစ် ၂ ဦးနှုန်း ပေးဆောင်ရန် SSPP/SSA အဖွဲ့မှ အတင်းအကြပ် တောင်းခံ

၂၀၁၅ သြဂုတ် ၃၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ မော်ပေ့ကျေးရွာအုပ်စု၊ ၀မ်ကျယ်ကျေးရွာသို့ သြဂုတ်လ ၂၂ ရက် နေ့တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့မှရောက်ရှိလာပြီး ကျေးရွာ ၁ ရွာလျှင် လူသစ် ၂ ဦးနှုန်းဖြင့် ကျေးရွာ ၆ ရွာ ထံမှ အတင်းအကြပ် တောင်းခံခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

“ သူတို့အဖွဲ့က ရွာကိုရောက်လာပြီးတော့ လူသစ်တောင်းတယ်၊ ၁ ရွာကို ၂ ဦးတဲ့၊ ရွာမှာရှိတဲ့မိဘတွေက သားသမီးတွေ တစ်နယ်တစ်ကျေးမှာ အလုပ်သွားလုပ်နေတဲ့အတွက် ကင်းလွတ်ခွင့်ပြုဖို တောင်းကြတယ်၊ ဒါပေမယ့် သူတို့က သားသမီး မရှိလို့ လူသစ်မပေးနိုင်ရင် အဖေတွေကို ခေါ်သွားမယ်လို့ပြောတယ်” ဟု ဒေသခံ ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။

SSPP/SSA အဖွဲ့မှ ၁ ရွာလျှင် လူသစ် ၂ ဦးနှုန်းတောင်းခံထားသော ကျေးရွာများမှာ ၀မ်ကျယ်ကျေးရွာ၊ နားပယ်ကျေးရွာ၊ နားဟိန်းကျေးရွာ၊ ၀မ်ကပ်ကျေးရွာ၊ နမ့်ဟူးကျေးရွာနှင့် နားမွန်ကျေးရွာများဖြစ်ကြောင်းနှင့် အဆိုပါ ကျေးရွာ ၆ ရွာမှ လူသစ် ၂ ဦးနှုန်းစီအား သြဂုတ်လကုန်တွင် ပေးအပ်ရန်နှင့် လူသစ်မပေးနိုင်ပါက မိဘများအား ခေါ်ယူသွားမည်ဟု ခြိမ်းခြောက် သွားခဲ့ကြောင်း ဒေသခံတစ်ဦးမှ ပြောပါသည်။

SSPP/SSA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးသဘောတူလက်မှတ်ထိုးရေး ဆောင်ရွက်နေသောကာလတွင် ယခုလို ဒေသခံ တိုင်းရင်းသား များထံမှ လူသစ်အတင်းအကြပ် ကောက်ခံမှုကြောင့် ဒေသခံလူငယ် များ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသလို တောင်ယာလုပ်ငန်းများတွင်လည်း လုပ်ကိုင်ဆောင် ရွက်နိုင်ခြင်း မရှိသောကြောင့် မိသားစုများ စားဝတ်နေရေး အခက်အခဲနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်းနှင့် ယခုလို အကြောင်း အမျိုးမျိုးပြကာ အတင်း အကြပ် လူသစ်စုမှုကြောင့် ယင်းအဖွဲ့အပေါ် ဒေသခံများမှ စိတ်ပျက်လျက်ရှိကြောင်း မိုင်းရှူးမြို့ခံတစ်ဦးမှ ဆက်လက် ပြောကြားသွားပါသည်။
ခွန်စစ်အောင်

Credit >>> Shan News

No comments:

Post a Comment