Thursday, August 27, 2015

တောဆင်ရိုင်းများအနက် ငါးကောင် ကန်ကြီးထောင့်ကျေးရွာအနီးရောက်ရှိလာပြီး တစ်ကောင်ပြတ်ကျန်


၂၀၁၅ သြဂုတ် ၂၇



နေပြည်တော် သြဂုတ် ၂၆
ညောင်ဦးမြို့နယ်အတွင်း ရောက်ရှိနေသော တောဆင်ရိုင်းခြောက်ကောင် သည် ယနေ့ညနေ ၅ နာရီခန့် တွင် ကျောက်ပန်းတောင်းမြို့၏ အနောက်မြောက် ယွန်းယွန်းရှိ ကြပ်ထောင်ကျေးရွာအနီး ရောက် ရှိနေကြောင်း၊ ဒေသခံပြည်သူများကို ရန်မူခြင်းမရှိကြောင်းသိရသည်။ 


''သြဂုတ် ၂၅ ရက် ညနေ ၆ နာရီနဲ့ ည ၇ နာရီကြားမှာ တောဆင်ရိုင်း ခြောက်ကောင် က ရွှေလိုက်ကျေး ရွာ၊ ချောင်းရှည်ကျေးရွာနဲ့ နတ်ပလ္လင်ကျေးရွာတို့ရဲ့ အလယ်ဗဟိုဧရိယာထဲ ရောက်ရှိလာပါတယ်။ အဲဒီကနေဆက်ပြီး ထွက်လာတာ ည ၁ဝ နာရီလောက်မှာ မြကန်ကို ဆက်သွားပါတယ်။ နမင်းမှေးကျေးရွာ ကိုတော့ နံနက် ၂ နာရီလောက်မှာ ဖြတ်ပါတယ်။ အဲဒီကနေ ဆင်တွေကို မျက်ခြည်ပြတ်သွားခဲ့တယ်။ ဒီနေ့ မနက် ၈ နာရီ လောက်မှာ တော့ ရွာဘို၊ ရွာသစ်ရွာတွေကိုဖြတ်သွားတယ်လို့ ဒေသခံထန်းတက်သမား တစ်ဦးကပြောပြလို့ ခြေရာခံပြီး တောဖြန့်ရှာတဲ့အခါ ကျောက်ပန်းတောင်းမြို့ရဲ့ အနောက်မြောက်ဘက် ကြပ်ထောင်ကျေးရွာအနီးမှာ ခြေရာခံမိခဲ့ပါတယ်။

''တောဆင်ရိုင်းတွေက တစ်နေ့ကို ရွေ့နှုန်း မိုင် ၂ဝ ကျော် လျှောက်နေပါတယ်။ ဆင်တွေက နေ့ခင်းဘက် မှာခဏနားပြီး ဆက်လက်အစာရှာထွက်တယ်။ လမ်းကြောင်းတစ်လျှောက်လုံးမှာ တောဆင်ရိုင်းတွေ က ဒေသခံတွေကို ရန်မူတာ မရှိခဲ့ပါဘူး။ အရင်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကလည်း ဒေသခံတွေက ဆင်ရိုင်းတွေအနားကို တိုးပြီး ဓာတ်ပုံရိုက်တာ၊ ဝိုင်းပြီး ခြောက်လှန့်တာတွေ လုပ်လို့ ဆင်ရိုင်းတွေက သူတို့ကိုယ်သူတို့ ကာကွယ်ရင်းနဲ့ ဒေသခံတွေ ထိခိုက် ဒဏ်ရာရတာတွေဖြစ်ခဲ့တာပါ။ တော ဆင်ရိုင်းတွေက လူများများနဲ့ မနေဖူးတဲ့အတွက် လူမြင်ရင် မငြိမ်ဘူး'' ဟု တောဆင်ရိုင်း ထိန်းသိမ်းရာတွင် လိုက်ပါဆောင်ရွက်သည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ တောဆင်ရိုင်များကို မူရင်းဒေသဖြစ်သည့် ပဲခူးရိုးမသို့ ပြန်လည်ပို့ဆောင်ရာတွင် တောဆင် ရိုင်းထိန်းသိမ်းရာ၌ ဝါရင့်အတွေ့အကြုံရှိသော ဆင်ဆရာဝန် ဒေါက်တာ စည်သူဝမ်ထွန်း ဦးစီး အင်အား ၃၅ ဦး၊ တောဆင်ရိုင်းများ ကျေးရွာများသို့ ဝင်ရောက်မှုမရှိစေ ရေး၊ လမ်းကြောင်းပိတ်ဆို့ရေး ဆောင်ရွက်ရန် ညွှန်ကြားရေးမှူး နှစ်ဦး ဦးစီးအင်အား ၂၈ ဦးတို့ လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း၊ တောဆင်ရိုင်းများ အား  နေရပ်သို့ပြန်လည် ပို့ ဆောင်ရာတွင် မြန်မာ့သစ်လုပ်ငန်း အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ဦးစီး၍ ဆောင်ရွက်နေကြောင်း သိရသည်။

''ဆင်တွေက ဒေသခံတွေကို အန္တရာယ်မပြုပါဘူး။ သူတို့က သူတို့ ဘာသာ လျှောက်သွားနေတာ ပါ။ ဒေသခံတွေကိုလည်း ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သက်ဆိုင်ရာ က ဟောပြောပွဲလေးတွေ ပြု လုပ်ပေးနေပါတယ်။ ဆင်တွေနဲ့ ဧရိယာ ငါးမိုင်ပတ်လည်က ဒေသခံတွေကို အရင်နေ့ကဖြစ်ခဲ့ တဲ့ ဖြစ်ရပ်လေး တွေ၊ မှတ်တမ်းတွေနဲ့ ပညာပေး အစီအစဉ်တွေ လုပ်ပေးတယ်။ လုပ်ငန်းခွင် ထဲရောက်နေတဲ့ ဒေသခံ တောင်သူတွေကိုလည်း ပြန်ခေါ်တယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ မြန်မာ့သစ် လုပ်ငန်းက တာဝန်ရှိသူ တွေကလည်း ဆင်နဲ့နီးတဲ့ ဧရိယာအတွင်းကို ဒေသခံတွေ ဝင်မလာနိုင်အောင် ဝါးလုံးတားပြီး ဆောင်ရွက် ပေးနေပါတယ်။ အဲဒီနောက် ဒေသခံ တွေထိခိုက်မှုမရှိအောင် Hand Speaker တွေကိုင်ထားပြီး အခြေအနေကို အဆက်မပြတ် သတင်းပို့ ပေးတယ်။ ဌာနပေါင်းစုံနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်။ 

''ဒါပေမယ့် ဒေသခံတချို့က မလိုက်နာဘူး။ ဆင်တွေနောက်ကို အနီးကပ်လိုက်ကြည့်တယ်။ ဒေသခံတွေ စည်းကမ်းချိုးဖောက်တာဟာ လုပ်ငန်းမှာ အများကြီးအနှောင့် အယှက်ဖြစ်ပါတယ်။ တောဆင်ရိုင်း တွေ မူရင်းဒေသကိုရောက်ရှိအောင် ဆောင်ရွက်တဲ့အခါမှာ ဒေသခံတွေ ကပါ ဝိုင်းဝန်းပြီး စည်းကမ်းရှိရှိ လိုက်နာကြမယ်၊ ကူညီကြမယ်ဆိုရင် လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို ထိခိုက်မှု မရှိဘဲ ချောချောမွေ့မွေ့နဲ့ မူရင်းဒေသကို ပြန်လည်ပို့ဆောင် နိုင်မှာဖြစ်ပါတယ်။ တောဆင်ရိုင်းတွေသွားတဲ့ လမ်းကြောင်း တစ်လျှောက်က ဒေသခံ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မထိခိုက်စေဖို့ ဆင်ယဉ်ကွန်ဂျီဆင်ကြီး ခြောက်ကောင်ကို အသုံးပြုပြီး တောဆင်ရိုင်းတွေရဲ့ နေရပ်ကို ပြန်လည် ထိန်းကျောင်း ပို့ဆောင်သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောကြားသည်။

တောဆင်ရိုင်းများကို မူရင်း ဒေသ ပဲခူးရိုးမသို့ ပြန်လည်ပို့ဆောင်ရာတွင် ဒေသခံတချို့က ဆောင် ရန်၊ ရှောင်ရန်များကို လိုက်နာမှုမရှိဘဲ စည်းကမ်းများချိုးဖောက်နေကြောင်း သိရသည်။ နတ်မောက်-မြို့သစ်-ကန်ပြားလမ်း ရိုးမတော ဧရိယာ အနီးရှိ ကျေးရွာများသို့ ဖြတ်သန်း သွားရမည်ဖြစ်၍ ဒေသခံများအပေါ် အန္တရာယ်မကျရောက်စေရန် ဆင်ထိန်းသိမ်းရေး ကျွမ်းကျင်သူများနှင့် ပိတ်ဆို့ရေးအဖွဲ့များက အထူး ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ ဒေသခံများအနေဖြင့် တောဆင်ရိုင်း များအား ဝိုင်းဝန်း ကြည့်ရှုခြင်း၊ ခြောက်လှန့်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ မပြုလုပ်ရန် လိုအပ်ကြောင်း၊ သို့မှသာ တောဆင်ရိုင်း များကို မူရင်းဒေသသို့ ပို့ဆောင်ရာတွင် ချောမွေ့ မြန်ဆန်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သတင်း-ဇူလိုင်မိုး(မြန်မာ့အလင်း)
ဓာတ်ပုံ-ရဲသူရအောင်(ညောင်ဦး)
Credit >>> Myanmaalinn News

No comments:

Post a Comment