Sunday, August 30, 2015

RCSS/SSA အဖွဲ့မှ မိုးနဲမြို့နယ်အတွင်း လူသစ်နှင့် ဆက်ကြေးငွေများ အဓမ္မကောက်ခံခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

၂၀၁၅ သြဂုတ် ၃၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ လွိုင်ချိုကျေးရွာအုပ်စု၊ ကုန်းခမ်းကျေးရွာနှင့် လွိုင်ယုကာကျေးရွာများသို့ RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ မဖြစ်မနေ ပေးဆောင်ရန် အတင်း အဓမ္မ တောင်းခံနေကြောင်း ယင်းဒေသခံရွာသားများထံမှ သိရပါသည်။

“ကျွန်တော်တို့ရွာထဲကို သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၆ နာရီလောက်ကတည်းက ရောက်နေတာ၊ ရွာသားတွေကိုလည်း အပြင်မထွက်ရ အမိန့်ထုတ်ထားတယ်၊ အုပ်ချုပ်ရေးမှူးကိုခေါ်ပြီး အိမ်ထောင်စု စာရင်း တွေကိုတောင်းတယ်၊ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူက အိမ်ထောင်စုစာရင်းအတိုင်း ရွာသားတွေကို ရွာလယ်မှာ လူစုခိုင်းပြီး လူငယ် ၁၀ ဦးကို သူတို့အဖွဲ့ ထဲဝင်ဖို့ အတင်းအဓမ္မဖမ်းဆီး သွားတယ်” ဟု ကုန်းခမ်းရွာသားတစ်ဦးက ပြောပြပါသည်။

“ကျွန်မတို့ ရွာကို သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီလောက် ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ကိုခေါ်ပြီးတော့ ဘုန်းကြီးကျောင်းမှာ လူစုခိုင်းတယ်၊ ရွာသားတွေက ရွာမှာမရှိတော့ဘူး၊ ထွက်ပြေးကုန်ပြီ၊ ရွာမှာသက်ကြီးရွယ်အိုနဲ့ အမျိုး သမီးတွေပဲ ကျန်ခဲ့တယ်၊ ဘုန်းကြီးကျောင်းမှာ သူတို့စားဖို့ ရွာက အမျိုးသမီးငယ်တွေက ပြင်ဆင်ပေးရတဲ့အပြင်၊ ဆန် ၁၀ အိတ်နဲ့ ဆီ ၅ ပိဿာကို ဘုန်းကြီးကျောင်းကို လာပို့ခိုင်းလို့ ပို့ပေးခဲ့ရတယ်”ဟု လွိုင်ယုကာကျေးရွာသူတစ်ဦးမှ ပြောပြပါ သည်။

RCSS/SSA အဖွဲ့မှ လူသစ်နှင့် ဆက်ကြေးများ အတင်းအကြပ် ကောက်ခံနေသောကြောင့် ဒေသခံရွာသား များမှာ စားဝတ် နေရေးကြပ်တည်းမှုနှင့် ရင်ဆိုင်နေရပြီး အရွယ်ရောက်ပြီး လူငယ်များမှာလည်း လူသစ် စုဆောင်းခံရမည်ကို စိုးရိမ်ကာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း လွိုင်ချိုကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
စိုင်းသီဟ

Credit >>> Shan News

No comments:

Post a Comment