Tuesday, August 4, 2015

SSPP/SSA အဖွဲ့မှ မိုင်းစံမြို့နယ်အတွင်း လူသစ်နှင့်ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံလျက်ရှိ

၂၀၁၅ သြဂုတ် ၎

Shan News's photo.













ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့နယ်၊ ဟိုဆိုင်းကျေးရွာအုပ်စု၊ ဖာဟိန်းကျေးရွာသို့ သြဂုတ်လ ၂ ရက်နေ့ တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအဓမ္မ ကောက်ခံ သွားကြောင်း ဒေသခံရွာသားများထံမှ သိရပါသည်။

“ အခုတလော သူတို့အဖွဲ့တွေ လူသစ်စု၊ ဆက်ကြေးကောက်တာ အတော်လေးများလာတယ်၊ ဇူလိုင်လ အတွင်းကလည်း ဒေသခံရွာတွေကို လူသစ်စု၊ ဆက်ကြေးကောက် လာလုပ်နေတုန်း အစိုးရတပ်နဲ့ တိုးလို့ တိုက်ပွဲတွေ ဖြစ်သေးတယ်၊ အစိုးရတပ်တွေရှိနေရင် သူတို့လိုချင်တဲ့ ဆက်ကြေးမရတဲ့အတွက် တပ်တွေ မရှိတဲ့အချိန် အခုလိုလူသစ်စုဆောင်းတာနဲ့ ဆက်ကြေးငွေကောက်ခံတာတွေကို အပြင်းအထန် လုပ်နေတာ ဖြစ်နိုင်တယ် ” ဟု ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။
 
SSPP/SSA အဖွဲ့သည် ဖာဟိန်းကျေးရွာမှ ထွက်လာပြီး ၀မ်ပန်ရောက်ကျေးရွာသို့ ည ၅ နာရီခွဲခန့် တွင် ရောက်ရှိလာပြီး လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးငွေများကောက်ခံခြင်းနှင့် ရိက္ခာအတွက် ကြက်နှင့် ၀က်များ ကို အတင်းအဓမ္မ ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ၀မ်ပန်ရောက်ကျေးရွာသားတစ်ဦး ၏ ပြောပြချက်အရ သိရပါသည်။

အဆိုပါအဖွဲ့သည် လက်နက်အားကိုးဖြင့် လူသစ်စု၊ ဆက်ကြေးကောက်ခံမှုကြောင့် ဒေသခံလူငယ်များ မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ၎င်းတို့၏ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်းနှင့် ယင်းအဖွဲ့ကြောင့် ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွား လာမည်ကို စိုးရိမ်လျက်ရှိကြောင်း မိုင်းစံမြို့ခံတစ်ဦးမှ ပြောကြားသွားပါသည်။

စိုင်းသီဟ
Credit==> Shan News

No comments:

Post a Comment