၂၀၁၅ သြဂုတ် ၂၄
ရန်ကုန် သြဂုတ် ၂၃
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ ချုပ်ကကြီးမှူးပြီး မြန်မာမီဒီယာဂရု(ပ်)
ကစီစဉ်သည့် မျိုးဆက်သစ်မြန်မာ ဖိုက် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ယနေ့
မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သိမ်ဖြူ ရိုးရာအားကစားလက်ဝှေ့ရုံ၌
ကျင်းပခဲ့ရာ တစ်ချိန်က မြန်မာ့ရိုးရာ လက်ဝှေ့လောကတွင် နာမည်ကြီး
လက်ဝှေ့ကျော်ဖြစ်ခဲ့သည့် ဝမ်ချိုင်း မျိုးဆက်သစ် လွမ်ချိုင်း စတင်ဝင်ရောက်
ခြေချယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။
''လွမ်ချိုင်းအနေနဲ့ မျိုးဆက်သစ်ပွဲကို ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်တာ ဖြစ်ပါတယ်။ အရင်က တော့ ငါးပွဲထိုးဖူးတယ်။ ဒါနဲ့ဆို ခြောက်ပွဲမြောက်ပါ။ တစ်ချိန်ကျရင် သူ့ကို ကျွန်တော့်လို မြန်မာပြည် ချန်ပီယံဖြစ်အောင်အထိ မျှော်လင့်ထားပါတယ်''ဟု မြန်မာပြည်ရိုးရာ လက်ဝှေ့လောက ချန်ပီယံဖြစ်ခဲ့သည့် ဝမ်ချိုင်းက သူ့သားအပေါ်ထားရှိသည့် နောင်အနာဂတ်မျှော်လင့် ချက်ကို ပြိုင်ပွဲအပြီးတွင် ရင်ဖွင့်ခဲ့သည်။
လွမ်ချိုင်းသည် အသက် ၁၇ နှစ်သာရှိသေးပြီး ကိုယ်အလေးချိန်မှာ ကီလို ၆ဝ ဖြစ်သည်။ မကြာသေးမီက မှ ရိုးရာလက်ဝှေ့လောကထဲသို့ ဝင်ရောက်လာပြီး ခြောက်ပွဲထိုးသတ်ထားကာ သုံးပွဲနိုင်၊ သုံးပွဲသရေနှင့် ရှုံးပွဲ မရှိ ယှဉ်ပြိုင်ထိုးသတ်ထားသူ ဖြစ်သည်။ ယနေ့ပွဲတွင် လွမ်ချိုင်းနှင့် စောမင်းအောင်(မုဒုံသား)တို့ လုံးတူ၊ ဒေါက်တူ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဖအေတူသားကဲ့သို့ ရိုးရာလက်ဝှေ့ အမွေကို ဆက်ခံသည့်မျိုးဆက်သစ် ကောင်းတစ်ဦး ရိုးရာလက်ဝှေ့ လောကသို့ ခြေချဝင်ရောက်လာသည်ကို ပရိသတ်များက ဝမ်းသာထောမနာ ပြုကြသည်။
နုနယ်သေးသော်လည်း သတ်လုံးသတ်ပုတ်ကောင်းပြီး ပညာစုံလင်လှသည်။ ဘယ်ဒူး၊ ညာဒူး၊ တံတောင်နှင့် ခေါင်းတိုက်ချက်များက ပြိုင်ဘက်ကို အကြိမ်ကြိမ် ပြိုလဲစေခဲ့သည်။ ယနေ့ပွဲတွင် ဒုတိယအချီ မှာပင် စောမင်းအောင်(မုဒုံသား)ကို အလဲထိုးဖြင့် ပွဲသိမ်းအနိုင်ယူခဲ့သည်က တစ်ချိန်က မြန်မာ့ချန်ပီယံ ဝမ်ချိုင်းလက်သစ် ဆိုသည်ကို ဘယ်လိုမှ မငြင်းသာအောင် သက်သေပြနိုင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ ယှဉ်ပြိုင်ထိုးသတ်သည့် မျိုးဆက်သစ်ရိုးရာလက်ဝှေ့တွဲဆိုင်းများ၏ ရလဒ်မှာ လေးချီ စိန်ခေါ်ပွဲ နှစ်ပွဲတွင် တိမ်တိုက် (မုဒုံသား)က သိန်းစိုး(T & T) ကို ဒုတိယအချီ ၁ မိနစ် ၂၅ စက္ကန့်မှာပင် အလဲထိုးဖြင့် လည်းကောင်း၊ လွမ်ချိုင်း(ငြိမ်းချမ်း ရေး)က စောမင်းအောင်(မုဒုံသား) ကို ဒုတိယအချီ ၂ မိနစ် ၅၂ စက္ကန့် မှာပင် အလဲထိုးဖြင့်လည်းကောင်း အနိုင်ယူယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
အခြားမျိုးဆက်သစ် သုံးချီပွဲများ မှာ အေးထွန်း(ဟံသာဝတီသား)က ဝီရ(ဇာတိမာန်)ကို အလဲထိုးဖြင့် လည်းကောင်း၊ မိုးမခ( မုဒုံသား)နှင့် လင်းလင်းအောင် (ဟံသာဝတီ သား)တို့ တွဲဆိုင်းတွင် ပထမအချီ မှာပင် အကြိမ်ကြိမ်ပြိုလဲနေသော လင်းလင်းအောင်ကို ခုံဒိုင်ချုပ်က ဆက်လက်ယှဉ်ပြိုင်ထိုးသတ်ခွင့် မပေးတော့ဘဲ ဒိုင်ပွဲရပ်ဖြင့် မိုးမခကိုအနိုင် ပေးခဲ့သည်။ အခြားသုံးချီပွဲများ ဖြစ်သည့် သီဟအောင် (ရွှေသောင်ရင်း) နှင့်ကိုကိုအောင်(မုဒုံသား)၊ ဝင်းခိုင် (ဟံသာဝတီသား)နှင့် ရဲမင်းလတ် (ရွှေ သောင်ရင်း)၊ ထွန်းလင်းအောင် (ဟံသာဝတီသား)နှင့် ဥဒေါင်းမင်း (ထွန်းထွန်းမင်း)တို့မှာ အနိုင်အရှုံး မပေါ် သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။
ယနေ့လာရောက်ယှဉ်ပြိုင် ထိုး သတ်သည့် မျိုးဆက်သစ်ရိုးရာလက် ဝှေ့ကလပ်များကို ပွဲစီစဉ်သည့် မြန်မာ မီဒီယာဂရု(ပ်)က တစ်နှစ်စာ ဆန်ဖိုး ကုန်ကျငွေ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။
သတင်းမြင်ကွင်း-မင်းခေတ်
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)
Credit to Myanmaalinn

No comments:
Post a Comment