Monday, August 24, 2015

မိုင်းနောင်မြို့နယ်တွင် RCSS/SSA အဖွဲ့မှ ဒေသခံရွာသား ၂၅ ဦးအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်း ပြကာ အတင်းအကြပ် လူသစ်စုဆောင်း

၂၀၁၅ သြဂုတ် ၂၅


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်ခွဲ၊ နောင်တောက်ကျေးရွာအုပ်စု၊ နမ့်ပုတ်ကျေးရွာသို့ သြဂုတ်လ ၂၃ ရက်နေ့ တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့မှရောက်ရှိလာပြီး ရွာအတွင်းရှိ လူငယ်များအား မူးယစ်ဆေးဝါး သုံးစွဲသည်ဟု အကြောင်းပြ၍ ရွာသား ၂၅ ဦးအား လူသစ်အဖြစ် အတင်းအကြပ်စုဆောင်းသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

“ဒီရွာမှာရှိတဲ့သူတွေက မူးယစ်ဆေးဝါးမသုံးစွဲကြပါဘူး၊ ကိုယ့်တောင်ယာလုပ်ငန်းကိုပဲ အားသွန်ခွန်စိုက် ကြိုးပမ်း လုပ်ကိုင်ဆောင်ရွက်နေကြတာပါ၊ ဒါကတော့ သူတို့က တမင်အကြောင်းပြပြီးတော့ အတင်းအကြပ်လူသစ် လာစုတာပါ၊ ဒီလထဲမှာ စစ်ပညာသင်တန်းကို လွယ်တိုင်းလျှံမှာ ဖွင့်မယ်လို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။

RCSS/SSA အဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ ဖမ်းဆီးသွားသော ဒေသခံရွာသား ၂၅ ဦးမှာ မိုင်းနောင်မြို့နယ်ခွဲ၊ မိုင်းလင်းကျေးရွာအုပ်စု၊ နောင်တောက်ကျေးရွာအုပ်စုနှင့် မိုင်းဆောင်းကျေးရွာ အုပ်စုတို့မှဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ဖမ်းဆီးခံရွာသား ၂၅ ဦးအား နောင်တောက်ကျေးရွာ ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အခြားကျေးရွာများတွင်လည်း ရွာသားများအား ဖမ်းဆီးခေါ်ဆောင် သွားမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံတစ်ဦးမှ ပြောပါသည်။

RCSS/SSA အဖွဲ့မှ ဒေသခံတိုင်းရင်းသားများအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ အတင်းအကြပ် လူသစ် စုဆောင်းနေမှုကြောင့် လူငယ်လူရွယ်များ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြသဖြင့် စိုက်ပျိုးချိန်တွင် တောင်ယာ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် စားဝတ်နေရေး ကြပ်တည်းမှုများကြောင့် RCSS/SSA အဖွဲ့အပေါ် မကျေမနပ်ဖြစ်နေကြကြောင်း နမ့်ပုတ်ကျေးရွာသားတစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။
စိုင်းဇင်အောင်

Credit >>> Shan News

No comments:

Post a Comment