Thursday, August 20, 2015

SSPP/SSA အဖွဲ့မှ လူသစ်၁၅ဦး၊ ဆက်ကြေးငွေနှင့် ဆန်အိတ် ၁၅၀ မဖြစ်မနေပေးဆောင်ရန် ကျေးရွာများသို့ အတင်းအကြပ်တောင်းခံ

၂၀၁၅ သြဂုတ် ၂၁



ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ တုံစဉ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စုနှင့် တိန်းစံကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများသို့ SSPP/SSA အဖွဲ့တစ်ဖွဲ့သည် အရပ်ဝတ်များဝတ်ဆင်၍ သြဂုတ်လ ၁၈ ရက်နေ့တွင်ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ မဖြစ်မနေ ပေးဆောင်ရန်ပြောကြားသွားကြောင်း ယင်းဒေသခံရွာသားများထံမှ သိရပါသည်။


“ ကျွန်တော်တို့သီပေါမြို့နယ်ထဲက ကျေးရွာအုပ်စု ၃ စုက အုပ်ချုပ်ရေးမှူးနဲ့ ရွာသား ၅၀ လောက်ကို နားမွန်းကျေးရွာ၊ ဘုန်းကြီးကျောင်းကို ဆင့်ခေါ်တယ်၊ သူတို့အဖွဲ့က ရှမ်းပြည်နယ် တိုးတက်ရေးအတွက် ဆိုပြီး ကျေးရွာအုပ်စု တစ်စုကို လူသစ် ၅ ဦးနဲ့ ဆန်အိတ် ၁၅၀ နှုန်းတောင်းတယ်၊ သြဂုတ်လထဲမှာအပြီး မဖြစ်မနေ ပေးဆောင်ရမယ်လို့ ပြောတယ်” ဟု ကျေးရွာသားတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

ရွာသစ်ကျေးရွာအုပ်စုမှ ရပ်မိရပ်ဖတစ်ဦးကလည်း “ အရင်က သူတို့အဖွဲ့တွေကို ကျွန်တော်တို့ကျေးရွာအုပ် စုတွေက လိုအပ်ရင်လိုအပ်သလို ဆက်ကြေးနဲ့ လူသစ်ကို အမြဲပေးတဲ့အပြင် နှစ်စဉ်လည်း သတ်မှတ်ချက် အတိုင်းပေးခဲ့ပါတယ်၊ အခုလည်း အရင်က တစ်နှစ်တစ်ခါပေးဆောင်ရတဲ့လူသစ်နဲ့ ဆက်ကြေးအပြင် အရေးပေါ် ၆ လစာရိက္ခာနဲ့ လူသစ်ပေးရမယ်ဆိုတော့ ဘယ်က သွားရှာပေးရမလဲ၊ ကြာရင်ရွာသားတွေ ထွက်ပြေးပြီး ရွာပျက်တော့မယ်”ဟု ပြောပါသည်။

SSPP/SSA အဖွဲ့အနေဖြင့် ဒေသခံရှမ်းလူထု ကောင်းစားရေးကို ဘာတစ်ခုမှ လုပ်ကိုင်မပေးဘဲ ရှမ်းပြည်နယ် တိုးတက်ရေးဟု အကြောင်းပြကာ လူသစ်စု၊ ဆက်ကြေးကောက်နေခြင်းက အလွန်ပင်စိတ်ပျက်စာရာကောင်းကြောင်းနှင့် လူနေမှုဘ၀မြင့်မားရေးအတွက် စိုးရိမ်စရာဖြစ်နေကြောင်း သီပေါမြို့ခံတစ်ဦးက ပြောကြားသွားပါ သည်။
စိုင်းသီဟ

Credti >>> Shan News

No comments:

Post a Comment