Monday, August 24, 2015

ဇီဝဓါတ်ငွေ့ ကို ကျောပိုးအိတ်ဖြင့်သယ်ဆောင်ကာ ရောင်းချကြသူများ

၂၀၁၅ သြဂုတ် ၂၅


တစ်ချိန်က ငတ်မွတ်ခေါင်းပါးတဲ့ဘေးနဲ့  ကြုံတွေ့ ခဲ့ရတဲ့ အာဖရိကတိုက်က အီသီယိုးပီးယားနိုင်ငံဟာ ကမ္ဘာကြီးရဲ့  တစ်ထောင့်တစ်နေရာမှာ ရှင်သန်ရပ်တည်နိုင်ဖို့  ကြိုးစားရုန်းကန်ဆဲဖြစ်ပါတယ်။ လူထုဘ၀ရပ်တည်မှုအတွက် နိုင်ငံအစိုးရက ပုဂ္ဂလိကကုမ္ပဏီတွေကိုလည်း လုပ်ကွက်တွေဖော်ပေးပြီး ပြည်သူကြားမှာ အလုပ်အကိုင်အခွင့်အရေး ဖန်တီးပေးနေပါတယ်။ ဒီတစ်ခါ အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီနှစ်ဖွဲ့  ပေါင်းစပ်ပြီးဖော်ဆောင်လိုက်တဲ့ လုပ်ကွက်ကတော့ ကမ္ဘာမှာပထမဆုံး လို့ ပြောလို့ ရတဲ့ အရင်းနှီးနည်းဇီဝဓါတ်ငွေ့ ထုတ်လုပ်ရောင်းချခြင်းပဲ ဖြစ်ပါတယ်။

B-Energy ဆိုတဲ့ ဇီဝဓါတ်ငွေ့ ထုတ်လုပ်ရေးကုမ္ပဏီဟာ အီသီယိုးပီးယားလူထုကို ဇီဝဓါတ်ငွေ့ အခမဲ့နီးပါးရနိုင်တဲ့ နည်းကို သင်ပေးလိုက်ပါတယ်။ ပထမဆုံး အိမ်သာကျင်းကို အပြာရောင်မိုးကာအိတ်ကြီးတွေစွပ်လိုက်ပါတယ်။ မိုးကာအိတ်ကြီးက အရှည် (၁၆) ပေ ထက်မနည်း ရှိပါတယ်။ လူတွေစွန့် ပစ်သမျှအညစ်အကြေးတွေ၊ မီးဖိုချောင်က စွန့် ပစ်တဲ့ အမှိုက်တွေ၊ တိရိစ္ဆာန်တွေရဲ့ မစင်တွေ အစရှိတာ တွေ အားလုံးကို အဲဒီမိုးကာစွပ်ကျင်းထဲ စွန့် ပစ်စေ ပါတယ်။ မိုးကာမှာ ပိုက်တစ်ချောင်းတပ်ပြီး အိမ်ထဲကိုသွယ်လိုက်ပါတယ်။ ထိပ်မှာတော့ ပိုက်ခေါင်းတပ်ပြီး ပိတ်ထား တာပေါ့။ အချိန်တန်လို့  ပိုက်ခေါင်းကိုအသာလေးလျော့ဖွင့်လိုက်ပြီး မီးခြစ်ဆံတစ်ချောင်းကို ရှဲခနဲခြစ်ပြီးတော့ ပိုက်ခေါင်းမှာ တို့ ကြည့်တဲ့အခါ ပြာလဲ့လဲ့မီးတောက်လေး ထွက်ပေါ်လာပါတော့တယ်။ အဲဒီအခါ လူတွေရဲ့ မျက်လုံး က ၀င်းခနဲတောက်သွားပြီး အပြုံးပန်းတွေဝေဆာသွားတာပေါ့။ မီသိန်းဓါတ်ငွေ့  ထွက်လာပြီလေ။

B-Energy ဟာ လူတွေကို အိမ်နေရင်း မီသိန်းဓါတ်ငွေ့ ထုတ်လုပ်တတ်အောင် သင်ပေးလိုက်ပါတယ်။ အိမ်က အညစ်အကြေးနဲ့ အမှိုက်သရိုက်ကိုလည်း စနစ်တကျစွန့် ပစ်ပြီးဖြစ်သွားသလို အချိန်တန်ရင် မီသိန်းဓါတ်ငွေ့  ထွက်နေတဲ့အတွက် ၀င်ငွေလည်း ရရှိကြပါတယ်။ အိမ်ရှင်မတွေဟာ ကိုယ့်အိမ်ကကုန်ကြမ်းကို အကုန်ထည့်ကြတဲ့ အပြင် အနီးဝန်းကျင်က နွားချေး၊ ကျွဲချေး အစရှိတာတွေကိုလည်း ကျုံးပြီးထည့်ကြပါတယ်။ သဘာဝပတ်ဝန်းကျင် ကလည်း အလိုအလျောက်သန့် စင်လာတဲ့အပြင် မီသိန်းဓါတ်ငွေ့ လည်း ပိုပိုပြီး ထွက်လို့ လာပါတယ်။

အိမ်သာကျင်းထဲက အပြာရောင်အိတ်ဟာ မီသိန်းဓါတ်ငွေ့ တွေနဲ့  ပြည့်တင်းဖောင်းနေပြီ ဆိုတာနဲ့  တပြိုင်နက် အိမ်ရှင်မတွေဟာ ကျောပေါ်မှာလွယ်ဖို့  အသင့်ချုပ်ထားတဲ့ မိုးကာကျောပိုးအိတ်ကြီးကို လွယ်ပါတော့တယ်။ အဲဒီ ကျောပိုးအိတ်မှာရှိတဲ့ပိုက်ကို ခုနက မီသိန်းဓါတ်ငွေ့ ထွက်တဲ့ ပိုက်ခေါင်းမှာ တပ်လိုက်ပါတယ်။ ပြီးတော့ ပိုက်ခေါင်း ကို ဖွင့်လိုက်တယ်ဆိုရင်ပဲ မီသိန်းဓါတ်ငွေ့ တွေဟာ သူတို့ ရဲ့ ကျောပိုးအိတ်ထဲကို ရှူးခနဲရောက်သွားပါတယ်။ ကျောပိုးအိတ်ကြီး ပြည့်တင်းသွားပြီဆိုတာနဲ့  ပိုက်ခေါင်းကိုလုံအောင်ပြန်ပိတ်၊ လွယ်ထားတဲ့ ကျောပိုးအိတ်က ပိုက်ကိုလည်းပြန်ပိတ်ပြီးတော့ ဇီဝဓါတ်ငွေ့ အရောင်းထွက်ကြပါတော့တယ်။

လမ်းတလျှောက်ဖွင့်လှစ်ထားတဲ့ မုန့် ဆိုင်တွေမှာ အဲဒီမီသိန်းအိတ်တွေကို ၀င်လဲလှယ်ပေးပါတယ်။ နောက် ဆိုရင် မီးဖိုချောင်သုံးဓါတ်ငွေ့ ကို မီသိန်းဓါတ်ငွေ့ အပြည့်အ၀အသုံးပြုနိုင်အောင် သူတို့ ကြိုးစားနေကြ ပါတယ်။ သူတို့ ရဲ့  ကျောပိုးအိတ်တစ်လုံးမှာ မီသိန်းဓါတ်ငွေ့  ၁ ဒသမ ၂ ကျူးပစ်မီတာ ပါဝင်ပါတယ်။ ဒါဟာ အချိန် ၅ နာရီလောက် ချက်ပြုတ်ဖို့  လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ အဲဒီလိုတစ်အိတ်အတွက် ဆင့် ၅၀ နဲ့ ညီမျှတဲ့ အီသီယိုးပီးယားငွေ ၁၀ ဘီရာ ရပါတယ်။

ဒီကျောပိုးအိတ်တွေက နှယ်နှယ်ရရအိတ်တော့မဟုတ်ပါဘူး။ အပူဒဏ်ကိုခံနိုင်ရည်အားကောင်းတဲ့ မီးလောင်ခံအိတ်တွေ ဖြစ်ပါတယ်။ ကျောမှာလွယ်ဖို့ ဆိုင်းကြိုးနဲ့  မီးဖိုမှာတပ်ဖို့  ဂက်စ်ပိုက်တွေ အသင့် တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ ဒီအိတ်တွေကို B-Energy က ထုတ်လုပ်ပေးထားတာဖြစ်ပြီး သူ့ အစီအစဉ်နဲ့  အိမ်သာကျင်းကို အိတ်စွပ်တာ၊ အဲဒီအိတ်ကနေ အိမ်ထဲကို ပိုက်သွယ် တာနဲ့  ကျောပိုးအိတ်ကဏ္ဍတွေကို စီစဉ်ပေးတာ ဖြစ်ပါတယ်။

B-Energy ကုမ္ပဏီဟာ အသက် ၃၄ နှစ်အရွယ် ဂျာမန်လုပ်ငန်းရှင် ကက်သရင်းပူအက်ဇ်ရဲ့  အစီအမံဖြစ်ပါ တယ်။ သူဟာ စိုက်ပျိုးရေးနည်းပညာမဟာဘွဲ့ ရတစ်ဦးဖြစ်ပြီး စတပ်ဂတ်မြို့ ၊ ဟိုဟင်ဟိန်းတက္ကသိုလ်မှာ စီမံချက်ဝင်လုပ်နေရင်း ဒီ ဇီဝဓါတ်ငွေ့ ကိစ္စကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အာဖရိကမှာ ထင်းနဲ့ ချက်ပြုတ်ကြတော့ မီးခိုးတွေအူ၊ တောတွေပြုန်းတဲ့ပြဿနာကိုမြင်တွေ့ ခဲ့ပြီးတဲ့နောက် သန့် စင် သက်သာတဲ့ ဇီဝဓါတ်ငွေ့ ကိုထုတ်လုပ်ဖို့  အက်ဒစ်အဘာဘာ တက္ကသိုလ်နဲ့ ချိတ်ဆက်ခဲ့ပါတယ်။ အဘာဘာ တက္ကသိုလ်က သူမကို အီသီယိုးပီးယားမှာ တစ်နှစ်စမ်းသပ်လုပ်ကိုင်ခွင့် ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ သန့် စင်ဇီဝဓါတ်ငွေ့ ထုတ်လုပ်ရေးအစီအစဉ်ကို သဘောကျလို့  နိုင်ငံတကာက ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့ တွေက ငွေကြေးထောက်ပံ့ဖို့  ကမ်းလှမ်းခဲ့ပေမယ့် ကက်သရင်းက B-Energy ဟာ သူ့ ခြေပေါ်သူ ရပ်တည်နိုင်မယ်လို့  ယုံကြည်ခဲ့ပြီး အဲဒီထောက်ပံ့ငွေတွေကို မယူဘဲနေခဲ့ပါတယ်။

အီသီယိုးပီယန်းတွေကို ဇီဝ ဓါတ်ငွေ့ ထုတ်ပေးဖို့  ရည်ရွယ်တာမဟုတ်ပါဘူး။ အီသီယိုးပီးယန်းတွေ ကို ပြင်ပအကူအညီမပါဘဲ ဇီဝဓါတ်ငွေ့  ထုတ်လုပ်တတ်လာအောင် သင်ပေးဖို့  ရည်ရွယ်တာပါလို့  ကက်သရင်းက ပြောပြပါတယ်။အခုဆိုရင် အီသီယိုးပီးယားမှာ မနက်တိုင်း ကျောပိုးအိတ်ကြီးတွေလွယ်ပြီး ဇီဝဓါတ်ငွေ့ လှည့်လည်ရောင်းချနေတဲ့ ကလေးတွေ၊ အမျိုးသမီးတွေကို မြင်တွေ့ နေရပြီး သူတို့ရဲ့  မျက်နှာပေါ်မှာ မျှော်လင့်ချက်အပြည့်နဲ့  အားပါတဲ့ အပြုံးကို မြင်တွေ့နေရပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
TMK ရတနာပုံနေ့ စဉ်

No comments:

Post a Comment