Sunday, August 9, 2015

RCSS/SSA အဖွဲ့မှ သီပေါမြို့နယ်၊ ဆွန်လုံကျေးရွာတွင် လူသစ်စုဆောင်း


၂၀၁၅ သြဂုတ် ၉


RCSS/SSA အဖွဲ့၊ တပ်ရင်း(၆၇၁)မှ အင်အား ၈ ဦးခန့်သည် သီပေါမြို့နယ်၊ ဆွန်လုံကျေးရွာသို့ ယခုလ ၆ ရက်နေ့ ညနေတွင်  မိုးတေကျေးရွာဘက်မှ ရောက်ရှိလာခဲ့ပြီး ဆွန်လုံကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ များမှ တစ်ရွာလျင် လူသစ် ၃ ဦးပေးရန် ဆွန်လုံကျေးရွာအုပ်ချုပ်ရေးမှုးထံမှ တောင်းခံခဲ့ကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှ ၄င်းရှမ်းလက်နက်ကိုင်အဖွဲ့တောင်းသော လူသစ်များပေးရန် အဆင်မပြေကြောင်းနှင့် ကျေးရွာများရှိ လူငယ်များမှာလည်း ရှမ်းစစ်သားလုပ်ရမည်စိုး၍ နီးစပ်ရာမြို့များသို့ သွားရောက်၍ အလုပ်လုပ်ကိုင် နေသောကြောင့် အခက်အခဲရှိကြောင်း တောင်းပန်၍ ကျေးရွာအုပ်စု ကိုယ်စား ဆွန်လုံကျေးရွာမှ စိုင်းကန်နှင့် တာပုလဲကျေးရွာမှ အိုက်အေးတို့အား လူသစ်အဖြစ် ထည့်ပေးလိုက်ကြောင်း သိရသည်။

ဒေသခံရွာသားတစ်ဦး၏ ပြောပြချက်အရ ၄င်းရွာသား ၂ ဦးအား အခငွေကြေးဖြင့် ငှားရမ်း၍ ထည့်ပေး လိုက်ခြင်း ဖြစ်ကြောင်းနှင့် တစ်ဦးလျင် ငှားရမ်းခ ၁၀ သိန်းပေးရကြောင်း သိရသည်။ ၄င်းနောက် ရှမ်းလက်နက်ကိုင်အဖွဲ့သည် ဆွန်လုံကျေးရွာမှ ချောင်းဆုံကျေးရွာ ဘက်သို့ လူသစ် ၂ ဦး အား ခေါ်ဆောင် ၍ ထွက်ခွာသွားကြောင်း သိရသည်။

၎င်းဒေသတစ်ဝိုက်သည် ရှမ်းလက်နက်ကိုင်အဖွဲ့များ မကြာခဏ၀င်ထွက်လေ့ရှိသော နေရာဒေသ များဖြစ်ပြီး ၄င်းလက်နက်ကိုင်အဖွဲ့များမှ လူမျိုးရေးဗန်းပြ၍ လူသစ်ခေါ်ဆောင်ခြင်း၊ ဆက်ကြေးကောက် ခံခြင်း၊ လူဖမ်းဆီးခြင်းများ ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

No comments:

Post a Comment