Monday, August 24, 2015

SSPP/SSA အဖွဲ့ထောင်ထားသောမိုင်းနင်းမိပေါက်ကွဲရာမှ ဒေသခံတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ

၂၀၁၅ သြဂုတ် ၂၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဖာယကျေးရွာမှ ရွာသား ၄ ဦးသည် အမဲလိုက်ရန် ထွက်ခွာလာစဉ် တောထဲတွင် SSPP/SSA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးနင်းမိပေါက်ကွဲခဲ့ရာ ရွာသား တစ်ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရပါသည်။

မိုင်းရှူးမြို့နယ်၊ ဖာယကျေးရွာနေ စိုင်းဆု၊ လုံးမာ၊ စိုင်းချစ်နှင့် ကော်ဝိတို့ ၄ ဦးသည် သြဂုတ်လ ၂၂ ရက် နံနက် ၁၀နာရီချိန်ခန့်တွင် အမဲလိုက်ရန် ထွက်ခွာလာရာ လွယ်တောင်တန်း အနီးတစ်ဝိုက်သို့ ရောက်ရှိစဉ် စိုင်းဆု (၄၅) နှစ်မှ မိုင်းနင်းမိပေါက်ကွဲခဲ့ရာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တွေ့ကြုံခဲ့သူ စိုင်းချစ်မှ ပြောပါသည်။

“ လွယ်တောင်တန်းအနီးမှာဆိုတော့ SSPP/SSA အဖွဲ့ထောင်တဲ့မိုင်းပဲဖြစ်မှာပေါ့။ ဒီကောင်တွေက အဲဒီအနီးတစ်ဝိုက်မှာ သွားလာနေကြတာ၊ မရှိဆင်းရဲလို့ အမဲလိုက် ရှာစားနေရပါတယ်ဆိုမှ ခုလို မိုင်းနင်းမိတော့ ဘာနဲ့ဆေးကုမလဲ၊ ရွာကပဲ ၀ိုင်းဝန်းပြီး ဆေးကုသစရိတ် ခံရတော့မှာပေါ့၊ လုပ်ကိုင်စားရတာလည်း မိုင်းကြောက်ရ၊ အတင်းအကြပ် ဖမ်းဆီး လူသစ်စုခံရမှာ ကြောက်ရနဲ့ အဆင်မပြေပါဘူး” ဟု ဖာယ ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးကပြောပါသည်။

SSPP/SSA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူအား မိုင်းရှူး မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူရာ မသက်သာသဖြင့် တောင်ကြီးမြို့တွင် ဆေးဝါးကုသမှု ခံယူရန်အတွက် ဆက်လက်ပို့ ဆောင်ခဲ့ရကြောင်း သိရှိရပါသည်။
စိုင်းဇေယျာ

Credit to Shan News

No comments:

Post a Comment