Sunday, September 6, 2015

SSPP/SSA အဖွဲ့မှ မိုင်းရှူးမြို့နယ် အတွင်းရှိ ဒေသခံရွာသားများထံမှ လူသစ်နှင့် ဆက်ကြေးငွေများ ကောက်ခံ

၂၀၁၅ စက်တင်ဘာ ၇



ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက်ဒေသ၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ဘိုးဘွားတောင် ကျေးရွာသို့ စက်တင်ဘာ ၂ ရက်နေ့တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး အတင်းအကြပ် လူသစ်စုဆောင်း၍ ဆက်ကြေးငွေများ ကောက်ခံခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးထံမှ သိရပါသည်။

“အခုတလော သူတို့အဖွဲ့တွေ လူသစ်စု၊ ဆက်ကြေးကောက်တာ အတော်လေးများလာတယ်၊ အခုလည်း ကျွန်တော်တို့ ရွာကို ညနေ ၆ နာရီလောက်ရောက်လာတယ်၊ သူတို့အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး ရွာသားတွေကို လူစု ခိုင်းတယ်၊ ရွာသားတွေထဲမှ လူငယ် ၅ ဦးကိုလည်း သူတို့ အဖွဲ့ထဲဝင်ဖို့ ဖမ်းဆီးသွားတယ်၊ တစ်အိမ်ထောင်ငွေ ၈၀၀၀ နှုန်းလည်းပေးလိုက်ရတယ်” ဟု ဘိုးဘွားတောင်ကျေးရွာ သားတစ်ဦးမှ ပြောပါသည်။

“ကျွန်တော်တို့ရွာသားတွေလည်း သူတို့အဖွဲ့ကိုကြောက်တော့ သူတို့လိုအပ်တာတွေ လုပ်ပေးနေရတာပဲ၊ ဒါပေမယ့် သူတို့ အဖွဲ့ကအတော်လေး အနိုင်ကျင့်လွန်းတယ်၊ ရွာသားတွေရဲ့ အခက်အခဲကိုမကြည့်ဘဲ သူတို့လိုချင်တာမှန်သမျှ အတင်းအကြပ် လုပ်နေတော့တာ” ဟု ဟိုဆိုင်ကျေးရွာသားတစ်ဦးမှ ပြောပါသည်။ SSPP/SSA အဖွဲ့သည် မိုင်းရှူးမြို့နယ်အတွင်းရှိ ဒေသခံကျေးရွာများ၊ သစ်လုပ်ငန်းရှင်များ၊ နွားမှောင်ခို အဖွဲ့များ၊ ဓါတ်ဆီ ဆိုင်များနှင့် ဒေသခံသစ်ခုတ်၊ ၀ါးခုတ်သမားများထံမှ ငွေကြေးကောက်ခံနေခြင်းများအပြင် မိုင်းရှူး-လားရှိုး ပြေးဆွဲနေသော ယာဉ်များကိုလည်း ၄င်းတို့အဖွဲ့ရဲ့ စစ်ရေးလုပ်ငန်းများအတွက်   ငွေကြေး   ပေးဆောင်ခြင်းမရှိဘဲ အသုံးပြုခဲ့ကြောင်း မိုင်းရှူးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး မှ ပြောကြားသွားသည်။
စိုင်းသီဟ

Credit >>> Shan News

No comments:

Post a Comment