Wednesday, September 9, 2015

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ဆန်ကားမှအပ တရုတ်နိုင်ငံသို့တင်ပို့မည့် အခြားကုန်စည်ကားမျိုးစုံဝင်ရောက်မှု တစ်ရက်လျှင် အစီးရေ ၈၀ မှ ၁၀၀ ကျော်အထိ ရှိဟုဆို

၂၀၁၅ စက်တင်ဘာ ၉

 မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း ပို့ကုန်စစ်ဆေးရေးဂိတ်အား တွေ့ရစဉ်

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဆန်တင်ပို့မှု ခေတ္တရပ်ဆိုင်းထားသော်လည်း တရုတ်နိုင်ငံသို့ တင်ပို့မည့် အခြားကုန်စည်ကားမျိုးစုံဝင်ရောက်မှုမှာ တစ်ရက်လျှင် အစီးရေ ၈၀ မှ ၁၀၀ ကျော်အထိရှိကြောင်း မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

“အခုက ဆန်တင်ပို့မှု ခဏနားထားပေမယ့် အခြားကုန်စည်တင်ပို့မှုကတော့ ပုံမှန်အတိုင်းသွားတယ်။ ဆန်တင်ပို့ခွင့်ကိုလည်း မကြာခင်ပြန်ဖွင့်တော့မှာ။ ဒီမှာက ဆန်၊ ပဲ၊ ပြောင်း၊ ရော်ဘာစတဲ့ လယ်ယာ ထွက်ကုန် တွေတင်ပို့မှုများတယ်။ ပို့ကုန်တင်ပို့မှုရော သွင်းကုန်တင်သွင်းမှုပါ ပုံမှန်အတိုင်းသွားနေ ပါတယ်”ဟု မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို မြန်မာ-တရုတ်နယ်စပ်လုပ်ငန်းရှင်များ တရားဝင် နယ်စပ်ကုန်သွယ် မှု ပြုလုပ်နိုင်ရန် ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံမှ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း နှင့် ရော်ဘာ စသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို တင်ပို့မှုများပြီး တရုတ်နိုင်ငံဘက်မှ ဘိလပ်မြေနှင့် ဓာတ်မြေသြဇာများကို တင်သွင်းမှုများကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုအနေဖြင့် တစ်ရက်လျှင် ပဲကားအစီးရေလေးစီးမှ ၁၀ စီးအထိ၊ ရော်ဘာကားအစီးရေလေးစီးမှ ၁၀ စီးအထိ၊ ပြောင်းကားအစီးရေ ၈၀ စီးမှ ၁၀၀ အထိ စသည်ဖြင့် တင်ပို့မှုရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တရုတ်၊ ထိုင်း၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့နှင့် တရားဝင် နယ်စပ်ကုန်သွယ် မှု ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း ၁၅ ခုရှိသည့်အနက် မြန်မာ-တရုတ် နယ်စပ်တွင် ဖွင့်လှစ်ထားသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှုအများဆုံးပြုလုပ်သည့် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ကြောင်း သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံဘက်သို့ ဧပြီ ၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ တရုတ်နိုင်ငံဘက်သို့ ကုန်စည်မျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၁၄၄၉ သန်းကျော်ရရှိထားပြီး တရုတ်နိုင်ငံ ဘက်မှကုန်စည်မျိုးစုံ တင်သွင်းမှုအတွက်ဒေါ်လာ၆၂၉ သန်းကျော် အသုံးပြုထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

Credit to EMG

No comments:

Post a Comment