Thursday, September 3, 2015

ကွန်ဟိန်းမြို့နယ်တွင် RCSS/SSA အဖွဲ့မှ ကျေးရွာတစ်ရွာလျှင် လူသစ် ၂ ဦး ပေးရန်နှင့် မပေးနိုင်ပါက ၁ ဦးလျှင် ငွေကျပ် ၁၂ သိန်း ပေးရန် အတင်းအကြပ်ကောက်ခံ

၂၀၁၅ စက်တင်ဘာ ၃


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ သိန်းဖျံကျေးရွာသို့ သြဂုတ်လ ၂၉ ရက်နေ့တွင် RCSS/SSA အဖွဲ့ တစ်ဖွဲ့မှ ရောက်ရှိလာပြီး လူသစ် ၂ ဦးပေးဆောင်ရန်နှင့် မပေးနိုင်ပါက ၁ ဦးလျှင် ငွေကျပ် ၁၂ သိန်း အား ပေးဆောင်ရန် ကောက်ခံ ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

“ သူတို့အဖွဲ့ ရွာထဲကို ၀င်လာပြီး အုပ်ချုပ်ရေးမှူးအိမ်ကို ၀င်သွားတာတွေ့လိုက်တယ်၊ အရွယ်ရောက် တဲ့ ယောက်ျားလေး ၂ ဦး ပေးရမယ်လို့ပြောတယ်၊ လူမပေးနိုင်ရင်တော့ ဒဏ်ငွေဆောင်ရမယ် လို့လည်း ပြောတယ်၊ လူသစ်နဲ့ ဆက်ကြေးငွေ မပေးရင်တော့ ရှိတဲ့လူတွေကို အတင်းအကြပ် ခေါ်သွားမယ် လို့ ခြိမ်းခြောက်သွားတယ်၊ သူတို့ကိုကြောက်လို့ ဒီရွာထဲမှာရှိတဲ့ အရွယ်ရောက်တဲ့လူငယ်တွေကို အခြားမြို့တွေမှာသွားပြီး အလုပ်လုပ်ခိုင်းထားရတယ်” ဟု ရပ်မိရပ်ဖတစ်ဦးမှ ပြောပါ သည်။

RCSS/SSA အဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ နမ့်ခမ်းကျေးရွာအနီးတစ်ဝိုက်တွင် ခိုအောင်း နေထိုင်လျက်ရှိပြီး သိန်းဖျံကျေးရွာအပြင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင် ရှိ ကျေးရွာများတွင်လည်း လူသစ်နှင့် ဆက်ကြေးငွေများ ကောက်ခံလျက် ရှိကြောင်း၊ ကောက်ခံ ထားသော လူသစ်နှင့် ဆက်ကြေးငွေများအား စက်တင်ဘာလ(ဒုတိယ)ပတ်အတွင်း အပြီးပေးသွင်းရန် ပြောကြားခဲ့ကြောင်း သိန်းဖျံကျေးရွာသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

RCSS/SSA အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးရေး ပြင်ဆင်နေသည့် အချိန်တွင် မြို့နယ်၊  ကျေးရွာအုပ်စုများနှင့်  ကျေးရွာများရှိ ဒေသခံများအပေါ် လူသစ်စုဆောင်းမှုများ၊ ဆက်ကြေး ကောက်ခံမှုများကြောင့် မိသားစု စားဝတ်နေရေးအတွက် လယ်ယာလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကြောင်းပြုနေရသော   ဒေသခံများအနေဖြင့် လုပ်ငန်းခွင်မှာ အနှောင့်အယှက်  ဖြစ်နေကြောင်းနှင့် လူသစ်မပေးနိုင်ပါက  ဆောင်ရမည့်ဒဏ်ငွေအတွက် မည်ကဲ့သို့ ဖြေရှင်းရမည်ကို မသိရသေးကြောင်း ကွန်ဟိန်းမြို့ခံတစ်ဦးမှ ပြောကြားပါသည်။

ခွန်စစ်အောင်

Credit >>> Shan News

No comments:

Post a Comment