Tuesday, October 20, 2015

မိုင်းရှူးမြို့နယ်တွင် SSPP/SSA အဖွဲ့မှ ထောင်ထားသောမိုင်းအား ပြန်လည်ဖြုတ်သိမ်းစဉ် ၃ လုံး ပေါက်ကွဲရာ ၂ ဦး သေဆုံးခဲ့

၂၀၁၅ အောက်တိုဘာ 20


ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှုးမြို့နယ်၊ ၀မ်ဆော့ကျေးရွာအုပ်စု၊ ၀မ်လွေကျေးရွာအ၀င်လမ်း ညာဘက်နေရာ ၌ ထောင်ထားသောမိုင်းအား အောက်တိုဘာ ၁၅ ရက်တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့မှ ပြန်လည်ဖြုတ်သိမ်း စဉ် မိုင်း ၃ လုံး ပေါက်ကွဲခဲ့ရာ ၂ ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

“ဒီလိုပဲ သူတို့အဖွဲ့တွေက သူတို့ မှောင်ခိုထုတ်မယ့် လမ်းကြောင်းပေါ်က ရွာအ၀င်အထွက်တွေကို မိုင်းအမြဲ တမ်းထောင်နေကြတာ၊ အဓိကကတော့ အစိုးရစစ်တပ်တွေ မလာနိုင်အောင်နဲ့ သူတို့မှောင်ခိုထုတ်တာတွေကို ရွာသားတွေ မတွေ့အောင်ပေါ့၊ ဒါကို သူတို့အဖွဲ့က သွားဖြုတ်တာ၊ ဖြုတ်တဲ့အချိန်မှာပဲ ထကွဲတာ၊ သူတို့ အကုသိုလ်နဲ့ သူတို့ပြန်ခံရတာပဲ၊ အဲဒီရွာအနီးမှာ SSPP/SSA အဖွဲ့ရောက်နေတာကို လုံးဝကန့်ကွက်ပြီး ထွက် သွား ခိုင်းသင့်တယ် ”ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။

SSPP/SSA အဖွဲ့မှ ထောင်ထားသောမိုင်းများကြောင့် ရွာသူ၊ရွာသားများအနေဖြင့် မကြခဏ ထိခိုက်ဒဏ်ရာ ရမှုများ ရှိခဲ့ကြောင်း၊ SSPP/SSA အဖွဲ့အနေဖြင့် ယခုအချိန်အထိ ၎င်းတို့ထောင်ခဲ့သော မိုင်းများကို ပြန်လည် ရှင်းလင်းပေးခြင်း မရှိသောကြောင့် ၎င်းတို့အဖွဲ့ဝင်များကိုယ်တိုင် ပြန်လည်နင်းမိခဲ့ကြောင်း၊ ရှမ်းပြည်နယ်တွင် မိုင်းအန္တရာယ်မှာ တစ်နေ့တစ်ခြား ဆိုးရွားလျက်ရှိကြောင်း ယင်းဒေသရှိ ရွာသားများ၏ ပြောပြချက်အရ သိရ သည်။

SSPP/SSA အဖွဲ့အနေဖြင့် ဒေသခံပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြပြီး အတင်းအကြပ် ဆက်ကြေးငွေ ကောက်ခံခြင်းနှင့် လူသစ်စုဆောင်းမှုတို့ကြောင့် ဒေသခံများ စက်ဆုတ်ရွံရှာလျက်ရှိကြောင်း၊ အစိုးရနှင့် တိုင်းရင်းသားများ အဖွဲ့အစည်းများ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရန် ဖိတ်ကြားခဲ့သော်လည်း အဆင်သင့်မဖြစ်သေးဟု အကြောင်းပြန် ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း မိုင်းရှူးမြို့ခံတစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။
ကာင်းစံ(ရှမ်း/မြောက်)

Credit >>> Shan News

No comments:

Post a Comment