Friday, October 2, 2015

KIA အဖွဲ့မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် မန်စီမြို့ပေါ်နှင့် ကျေးရွာများရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်

၂၀၁၅ အောက်တိုဘာ ၂




ကချင်ပြည်နယ်၊ မန်စီမြို့ပေါ်နှင့် ကျေးရွာများတွင် KIA အဖွဲ့မှ လက်နက်ကြီးများနှင့် ပစ်ခတ်မည့် သတင်း ပျံ့နှံ့မှုကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း ယင်းဒေသခံများထံမှ သိရှိရ သည်။

မန်စီမြို့၊ ရွာသစ်ကုန်းနှင့် မံဖွကျေးရွာများသို့ ရောက်ရှိနေသည့် အစိုးရတပ်များအား KIA အဖွဲ့သည် အဝေးမှလက်နက်ကြီးများနှင့် နှောင့်ယှက်ပစ်ခတ်မည့်သတင်းနှင့် ဗန်းမော်မြို့သို့ ထပ်မံရောက်ရှိလာမည့် အစိုးရ စစ်ကြောင်းများအား နှောင့်ယှက်၍ မိုင်းခွဲတိုက်ခိုက်မည့် သတင်းများပျံ့နှံ့မှုကြောင့် ဒေသခံများ အနေဖြင့် အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်ကာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဗန်းမော်မြို့ သို့ ပြောင်းရွှေ့နေကြကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

“ မန်စီမြို့နဲ့ ကျေးရွာတွေကို ရောက်နေတဲ့ အစိုးရတပ်တွေကို KIA အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်မယ်လို့ သတင်းရတယ်၊ ဒေသခံတွေလည်း စိုးရိမ်ထိတ်လန့်ပြီး မြို့မဈေးကိုလည်းပိတ်ထားတယ်၊ ၀န်ထမ်းတွေလည်း ရုံးမတက်ကြတော့ဘူး၊ ကျောင်းသားတွေလည်း ကျောင်းမသွားရဲတော့ဘူး၊ ကလေးတွေ ပညာရေး အခက်ကြုံနေရတာပေါ့၊ ဘယ်တတ်နိုင်မှာလဲဗျာ၊ အသက်မသေဖို့ အဓိကပဲလေ၊ ဒေသခံအချို့က ဗန်းမော်မြို့ကို ပြောင်းသွားကြတယ်၊ ကျန်တဲ့သူတွေကတော့ လက်နက်ကြီးထိမှန်မှာစိုးလို့ အပြင်မထွက် ရဲကြဘူး၊ ဘေးလွတ်ရာကို ပုန်းနေကြတယ်၊ မန်စီတစ်မြို့လုံးလည်း တိတ်ဆိတ်ငြိမ်သက်နေတယ်’’ မန်စီမြို့နေ ရပ်မိရပ်ဖ တစ်ဦးက ပြောပြသည်။

KIA အဖွဲ့သည် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက် မန်စီမြို့၊ ရွာသစ်ကုန်းနှင့် မံဖွကျေးရွာများ သို့ ရောက်ရှိနေသည့် အစိုးရတပ်များအား ၎င်းတို့၏ လက်နက်ကြီးများဖြင့် အဝေးမှနှောင့်ယှက် ပစ် ခတ် နေမှုကြောင့် ဒေသခံများမှာ အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်နေကြကြောင်းသိရှိရသည်။
ဇက်ဂျာဆိုင်း

Credit >>> Shan News

No comments:

Post a Comment