Sunday, October 18, 2015

KIA အဖွဲ့မှ လူသစ် စုဆောင်းမှုကြောင့် ဒေသခံရှမ်းလူမျိုးများ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်

၂၀၁၅ အောက်တိုဘာ ၁၈
 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးလက်တောရွာများ၌ အောက်တိုဘာလ ၁၂ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်စုဆောင်းမှုများ   ပြုလုပ်နေသောကြောင့်   ဒေသခံရှမ်းလူမျိုးများ မြို့ပေါ်သို့ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ယင်းဒေသခံရှမ်းလူမျိုးအချို့၏ ပြောကြားချက်အရ သိရသည်။

“အခု တိုက်ပွဲတွေပြန်ဖြစ်လာတဲ့ ဒီလ ထဲမှာဆိုရင် ဘုန်းကြီးကျောင်းတွေမှာ လာနေကြတာအများကြီးပဲ။ အများစုကတော့ ရှမ်းလူမျိုးတွေပေါ့။ မြို့ပြင်ကျေးလက် တောရွာတွေကလာတာ။ KIA အဖွဲ့က လူသစ်အဖြစ် လိုက်ဖမ်းလို့ ထွက်ပြေးတာလို့ပြောကြတယ်” အသက် ၃၀ အရွယ်ဝန်းကျင်ရှိ မြစ်ကြီးနားဒေသခံ ရှမ်းအမျိုးသား တစ်ဦးကပြောသည်။

မြစ်ကြီးနားမြို့၊ နောင်ခမ်းကျောင်းတိုက်၌ ၁၀ဝ ကျော် ၊ ဝန်းသိုကျောင်းတိုက်၌ အလားတူ ၁၀ဝကျော်   ရောက်ရှိခိုလှုံကြကြောင်း၊ စက်တင်ဘာလနှောင်းပိုင်းမှစ၍ တဖွဲဖွဲရောက်ရှိလာကြသည်မှာ ယနေ့ တိုင် နေရပ်သို့ မပြန်ရဲကြသေးကြောင်း သိရသည်။

“ အဲလိုတစ်နေရာတည်းမှာ လူတစ်ရာကျော် စုပြီးနေကြတော့ နေထိုင်စားသောက်ဖို့အတွက် အခက် အခဲတော့ ဖြစ်ရတာပေါ့။ ခုထိ သူတို့မပြန်ရဲကြသေးဘူး။ အရင်တုန်းကလည် လူသစ်စုလို့ ထွက်ပြေးရ တယ်။ အခုလည်း ဆက်ကြေးကောက်၊ လူသစ်စုတာကိုကြောက်လို့ ထွက်ပြေးနေရတယ် ” ဟု နောင်ခမ်းကျောင်းတိုက် အနီး နေထိုင်သူတစ်ဦးကပြောသည်။

KIAအဖွဲ့သည် အစိုးရတပ်များနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသောကြောင့် ကျဆုံးမှုများ များပြားလာ ကာ အင်းအားနည်းပါးလာသည့်အတွက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံရှမ်းလူမျိုးများကို လူသစ် အဖြစ် အတင်းအကြပ်ဖမ်းဆီနေမှုကြောင့် ရွာသားများအနေဖြင့် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေ ကြကြောင်းသိရသည်။
နော်ဂျာ

Credit >>> Kachin Daily News

No comments:

Post a Comment