Sunday, October 18, 2015

ရွှေမှော်လုပ်သားများအား KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ အောက်တိုဘာ ၁၈


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ရွှေတူးဖော် လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ဖားကန့်မြို့နယ် ရွှေမှော်များ သို့ အောက်တိုဘာလ ၁၃ ရက်နေ့ ၊ နေ့လယ် ၁ နာရီခွဲအချိန်ခန့်တွင် KIA အဖွဲ့ဝင် ၆ ဦးသည် အရပ်ဝတ် များဖြင့် ရောက်ရှိလာပြီး ရွှေမှော်လုပ်သားများအား မှတ်ပုံတင်ပြခိုင်းရာ ပျောက်ဆုံးနေသူများနှင့် မှတ်ပုံတင် မရှိသူ ၇ ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွှေမှော်လုပ်ငန်းရှင် တစ်ဦးမှ ပြောပြသည်။

ထို့အပြင် ရွှေမှော်လုပ်ငန်းရှင်များထံမှ ငွေကျပ် ၅ သိန်းစီအား ဆက်ကြေးငွေ အဖြစ်ကောက်ခံ သွားကြောင်းနှင့် ၎င်းတို့ ဆက်ကြေးလာကောက်သည်ကို အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြောင်းကြားခြင်း မပြုလုပ်ရန်နှင့် အကြောင်းကြားသည်ဟုသိရှိပါက ဖမ်းဆီးသတ်ဖြတ်ခြင်းခံရမည်ဟု ခြိမ်းခြောက်ပြော ဆိုကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။

ဖားကန့်ရွှေမှော်များတွင် ရွှေတူးဖော်လုပ်ကိုင်နေသူများမှာ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် လုပ်ငန်းများရပ်ဆိုင်း ထားခဲ့ရပြီး ပြန်လည်လုပ်ကိုင်လာသည်မှာ ရက်ပိုင်းမျှသာရှိသောကြောင့် လုပ်ငန်းများ အဆင်မပြေ ဖြစ်နေချိန် KIA အဖွဲ့မှ ယခုကဲ့သို့ ဆက်ကြေးတောင်းခြင်းကြောင့် လုပ်ငန်းရှင်များမှာ ဒုက္ခရောက်ကြကြောင်း နှင့် လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများကြောင့် ရွှေမှော်များအတွင်းမှ ထွက်ပြေးသူ အလုပ်သမားများလည်း ရှိသည်ဟု ဖားကန့်ဒေသခံတစ်ဦးမှလည်း ပြောပြပါသည်။
ဆိုင်းနောင်(ဖားကန့်)

Credit >>> Kachin Daily News

No comments:

Post a Comment