Sunday, October 25, 2015

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

၂၀၁၅ အောက်တိုဘာ ၂၅  



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မီးလောင်ကျေးရွာမှ ဒေသခံ တစ်ဦးသည် KIA အဖွဲ့မှ ထောင်ထားသောမိုင်း အားနင်းမိပေါက်ကွဲခဲ့ရာမှ ထိခိုက်ဒဏ်ရာ ရရှိသည် ဟု ယင်းဒေသခံများထံမှသိရသည်။

နန့်မီးလောင်ကျေးရွာနေ ဦးတင်အောင် ၄၆ နှစ်သည် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲချိန်တွင် ၎င်းနေအိမ်မှ နန့်မီးလောင်ကျေးရွာ အနောက်ဘက်ရှိ တောထဲသို့ အိမ်သုံးဝါးသွားရောက်ခုတ်ယူရာ နန့်မီးလောင်ကျေးရွာ အနောက်ဘက် ၅ မိုင်ခန့်သို့ရောက်ရှိစဉ် KIA ထောင်ထားသော တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့ပြီး ယာဒူးခေါင်းအပေါ်တွင် ၅ လက်မခန့် စုတ်ပြတ်ပေါက်ပြဲ မိုင်းစများထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦး ၏ ပြောကြားချက်အရသိရသည်။

“မိုင်းထောင်တာကတော့ အစိုးရတပ်တွေလာနိုင်တဲ့လမ်းကြောင်းကို ထောင်တာပဲ၊ ဒါပေမယ့် ရွာသားတွေ ၀မ်းရေးအတွက်သွားလာတဲ့ နေရာတွေဖြစ်နေတော့ ၀ါးခုတ်၊ ထင်းရှာ၊ ရေခပ်၊ ငါးဖမ်း၊ မျှစ်ရှာတဲ့အခါမှာ သူတို့ ထောင်ထားတဲ့မိုင်းတွေ နင်းမိကုန်တာ၊ ကိုယ့်လူမျိုး ကိုယ်ပြန်သတ်သလိုဖြစ်နေတယ်”ဟု ဒေသခံရွာသား တစ်ဦးကပြောကြားသည်။

KIA အဖွဲ့အနေဖြင့် ဒေသခံကျေးရွာများ၊ မှော်တွင်းများ အနီးတဝိုက်တွင် ယခုကဲ့သို့ မိုင်းများထောင်ထား မှုကြောင့် ဒေသခံရွာသားများမှာ မကြာခဏမိုင်းနင်းမိ၍ အသက်များဆုံးရှုံးလျက်ရှိကြောင်းနှင့် ဒေသခံများ၏ လူနေမှုဘ၀ လုံခြုံရေးမှာလည်း စိုးရိမ်စရာဖြစ်လာကြောင်း မြစ်ကြီးနားမြို့ခံကျောင်းဆရာတစ်ဦးက ပြောကြား သွားသည်။
ဆိုင်းနောင်(ဖားကန့်)

Credit >>> Kachin Daily News

No comments:

Post a Comment