၂၀၁၅ အောက်တိုဘာ ၆
Credit >>> 7Day News Journal
အရပ်သားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်မှုဖြင့် ကေအင်န်ယူတပ်မဟာ (၅)မှ ဗိုလ်အဆင့်ရှိသူ တစ်ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့်ကို ကရင်ပြည်နယ်ရဲတပ် ဖွဲ့က
လူသတ်မှုဖြင့် အမှုဖွင့်ထားသည်ဟု သတင်းရရှိသည်။ ကရင်ပြည်နယ် ဖာပွန်မြို့နယ် အခြေစိုက်ကရင်အမျိုးသား အစည်းအရုံး
(ကေအင်န်ယူ) တပ်မဟာ (၅) ဗိုလ်ဖားမီးဆိုသူနှင့် ၎င်း၏တပ်ဖွဲ့ဝင် ၃၀ ခန့်ကို
ဖာပွန်မြို့နယ် ကမမောင်းရဲစခန်းတွင် အမှုဖွင့်ခြင်းဖြစ်သည်ဟု
ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
ဗိုလ်ဖားမီးနှင့်အဖွဲ့က ၎င်းတို့နယ်မြေအတွင်း ဝင်လာသည့်
မိုးဆန်းမြိုင်ရပ်ကွက်မှ ရွာသား သုံးဦးကို အောက်တိုဘာ ၁ ရက် ကဖမ်းဆီးကာ
ရိုက်နှက်စစ်ဆေး ခဲ့သည်ဟု အထက်ပါ ရဲအရာရှိက ပြောသည်။ အောက်တိုဘာ ၂ရက်တွင်
ပြန်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးစစ်ဆေးခံခဲ့ရသူ သုံးဦးအနက် အသက် (၄၄)
နှစ်အရွယ် ဦးဘိခမှာ သေဆုံးခဲ့သောကြောင့် ရဲတပ်ဖွဲ့က လူသတ်မှုဖြင့်
အမှုဖွင့်ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
ယခုအခါ ကေအင်န်ယူ တပ်မဟာ (၅)
ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ရွာသားအချို့ ကြောက်လန့်ကာ
မြိုင်ကြီးငူဒေသသို့ ထွက်ပြေးလာခဲ့သောကြောင့် လူမှုရေးအဖွဲ့အစည်းများက
ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးနေရသည်ဟု ဒေသတွင်း
လက်နက်ကိုင်အဖွဲ့အချို့ထံမှ သတင်းရရှိသည်။
ထိုအခြေအနေများနှင့် ပတ်သက်၍ ကေအင်န်ယူ သတင်းနှင့်ပြန်ကြားရေးရုံး နှင့် ကေအင်န်ယူ တပ်မဟာ (၆)နှင့် (၇)
တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်ရေး အခက်အခဲကြောင့်
အတည်မပြုနိုင်သေးဟု တုံ့ပြန်သည်။ ကေအင်န်ယူ တပ်မဟာ(၅)ကို ကေအင်န်ယူ ဒုတိယစစ်ဦးစီး ချုပ်ဘောကျော်ဟဲ က ဦးဆောင်ကွပ်ကဲနေခြင်းဖြစ်သည်။
ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူတွင် တပ်မဟာ ခုနစ်ခုရှိပြီး
ဖာပွန်အခြေစိုက် တပ်မဟာ(၅)နှင့် တောင်ငူအခြေစိုက် တပ်မဟာ(၂) မှာ
အစိုးရတပ်မတော်နှင့် ဆက်ဆံရေး အေးခဲသည့် အခြေအနေ ရှိနေဆဲဖြစ်သည်။
No comments:
Post a Comment