Friday, October 9, 2015

လားရှိုးမြို့ ပေါ်တွင် ဓါးရှည်များကိုင်ဆောင် ခြိမ်းချောက်ခုတ်ဖြတ်ပြီး ဖုန်းများလုယူနေသော ဆိုးသွမ်းလူငယ်များ အား ဖမ်းဆီးရမိ


၂၀၁၅ အောက်တိုဘာ ၉

 
အောက် (၈) မှန်ကောင်း(လားရှိုး)
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရပ်ကွက်များတွင် ဓါးခုတ်မှုနှင့် ဓါးခုတ်လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအောင်မြတ်မိုး ၏ လမ်းညွှန်မှု၊ လားရှိုးခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး သန့် ဇင် ၏ ကွပ်ကဲမှု၊ လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဖေ၀င်း ၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် အပူတပြင်းစုံစမ်းရှာဖွေခဲ့ရာ ယခုအခါ ဓါးရှည်မျိုးစုံကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် အုပ်စုလိုက် သွားလာလှုပ်ရှားပြီး မှောင်ရိပ်ခိုကာ ရန်ငြိုးရန်စမရှိဘဲ ဓါးဖြင့်ခုတ်ခြင်း၊ အထူးသဖြင့် ဖုန်းများကို လုယက်ခြင်းများပြုလုပ်လေ့ရှိသော ဆိုးသွမ်းလူငယ်တစ်စုကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူး တင်ဖေ၀င်း က ပြောပြသည်။


အောက်တိုဘာလ (၄) ရက်နေ့ ၊ ညနေပိုင်းတွင် လားရှိုးမြို့ ၊ နန်းဟေ၀န် ပန်းခြံအတွင်း ဆိုင်ကယ်တစ်စီး အတွင်း၌ ဓါးများသိုဝှက်သယ်ဆောင်လာသော လူငယ်တစ်စုရောက်ရှိလျှက်ရှိကြောင်း သတင်းအရ လားရှိုး မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ ဝင်များသည် သက်သေများနှင့်အတူ နန်းဟေ၀န်ပန်းခြံအတွင်း သွားရောက်စုံစမ်း ရှာဖွေရာ နန်းဟေ၀န်ပန်းခြံ၊ ထင်းရှူးရိပ်ဘီယာဆိုင်အနီးတွင် ဆိုင်ကယ် (၃) စီးဖြင့် လူငယ် (၆) ဦးအား တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ ဆိုင်းဆာအောင် (ခ) အိုက်ချေ (ခ) အိုက်ခေး၊ (၁၈) နှစ်၊ ဟူးမွန်ရွာ၊ လားရှိုးမြို့ နေသူ မောင်းနှင်၍ ရွှေလှ (ခ) အိုက်လား၊ (၁၈) နှစ်၊ ဟူးမွန်ရွာ၊ လားရှိုးမြို့  လိုက်ပါသော Pinbo 125 အနက်ရောင် ဆိုင်ကယ်ရှေ့  ဒူးကာအတွင်း သိုဝှက်သယ်ဆောင်လာသည့် အရှည် (၁၅) လက်မခန့် ရှိ ဓါးဦးချွန်တစ်ချောင်း၊ အရှည် (၁၄) လက်မခန့် ရှိ ဓါးတစ်ချောင်း၊ စုစုပေါင်း ဓါးနှစ်ချောင်းတို့ အား တွေ့ရှိသဖြင့် ၄င်းတို့ နှစ်ဦးအား လားရှိုးမြို့ မရဲစခန်း၏ (ပ) ၂၃၅/၂၀၁၅၊ လက်နက် ပုဒ်မ-၁၉(င) အမှုဖြင့် အရေးယူထားရှိခဲ့ပြီး၊ ထိုစဉ်က အတူလိုက်ပါလာသူများဖြစ်ကြသော အိုက်ပီး(ခ) အိုက်မွန်း (၁၆) နှစ်၊ ဟူးမွန်ရွာ၊ လားရှိုးမြို့၊ ကျော်အောင် (ခ) နော်လာ (ခ) နူးလာ (ခ) ရန်ကျုံးရန်၊ ရပ်ကွက် (၇) နယ်မြေ (၁) လားရှိုး၊ ဇွဲညီညီအောင် (ခ) အားပေါင် (၁၇) နှစ်၊ ရပ်ကွက် (၇) နယ်မြေ (၁) လားရှိုး၊ အောင်မိုးမြင့် (၁၆) နှစ်၊ ရပ်ကွက် (၁၂) နယ်မြေ (၁၉) လားရှိုး တို့ အား လားရှိုးမြို့ မ ရဲစခန်းတွင် ခေါ်ယူစစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

၎င်းတို့ (၆) ဦးအား ဆက်လက်စစ်ဆေးချက်အရ စိုင်းဆာအောင် (ခ) အိုက်ခေး သည် အိုက်ပီး နှင့် အမည် မမှတ်မိသူ တစ်ဦးတို့ နှင့်အတူ လွန်ခဲ့သောရက် (၂၀) ခန့် က လားရှိုးတက္ကသိုလ်ရှေ့ တွင် ဆိုင်ကယ်တစ်စီး အား (၃)ယောက်စီးလာသူ (၃) ဦးအား စိန်ခေါ်စီးသည်ထင်သဖြင့် ၄င်းတို့ ၏ဆိုင်ကယ်ရှေ့ တွင်ပိတ်ရပ်ပြီး အိုက်ပီး နှင့် အမည်မသိသူတို့ မှ လက်သီးနှင့်ထိုး၍ စိုင်းဆာအောင် (ခ) အိုက်ခေး မှ ဓါးဖြင့်ခုတ်ခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်သည်။ 

လွန်ခဲ့သော (၁၀) ရက်ခန့် က အိုက်ပီး၊ စိုင်းဆာအောင် (ခ) အိုက်ခေး နှင့် အိုက်မွန်း၊ အခြား (၃) ဦး၊ စုစုပေါင်း (၅) ဦးတို့ သည် ဆိုင်ကယ် (၂) စီးဖြင့် တုတ် (၅) ချောင်း၊ ကြိုး (၁) ချောင်း တို့ ဖြင့် လားရှိုးမြို့ ၊ ရေကန်တောင်တွင် စောင့်ဆိုင်းခဲ့ပြီး ဆိုင်ကယ် (၂) စီးဖြင့် ရောက်လာသော လူ (၄) ဦးထံမှ လုယက်ရာ ဖုန်း (၃) လုံး ရရှိခဲ့ပြီး ရပ်ကွက် (၇) အပေါင်ဆိုင်တွင် ပေါင်နှံခဲ့ရာ ငွေကျပ် (၇၅၀၀၀) ရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။ 

ထို့ အပြင် လွန်ခဲ့သော (၂၀) ရက်ခန့် က စိုင်းဆာအောင် (ခ) အိုက်ခေး၊ အိုပ်ပီးနှင့် အမည်မသိ ဟူးမွန် ကုန်းပေါ်နေ ရှမ်းလူမျိုးတို့  (၃) ဦးသည် လေယာဉ်ကွင်းလမ်းအတိုင်း ဆိုင်ကယ်စီးလာစဉ် ညောင် ပင်အောက် အရောက်တွင် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ် (၁) စီးအားတားကာ ဖုန်းတောင်းရာ Huawei G-6 ဖုန်းတစ်လုံးရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။ 

လွန်ခဲ့သော (၁၅) ရက်ခန့် ကလည်း ည (၇) နာရီကျော်ခန့် တွင် လားရှိုးမြို့ အထွက်၊ မိုင်းယော်သွား ကားလမ်း ဘေးတွင် ၄င်းတို့ စောင့်နေပြီး နာရီဝက်ခန့် အကြာတွင် ဆိုင်ကယ်ဖြင့်လာသူတစ်ဦးထံမှ အိုက်ပီးနှင့် အိုက်ခေး တို့မှ ဓါးတစ်ချောင်းစီကိုင်၍ အိုင်ယွင်း၊ အားနိုး တို့ နှင့်အတူ ထိုသူထံမှ ဖုန်းပေး ရန်ပြောရာ အိုက်ပီး၏ သူငယ်ချင်းဖြစ်နေသဖြင့် ဖုန်းမယူဖြစ်ခဲ့ကြောင်း၊ မြို့ ထဲသို့ ပြန်သွားရာ Happy Time ကလေးကစားကွင်း အနီး သို့ အရောက် ဆိုင်ကယ်စီး၍ဖုန်းပြောလာသူတစ်ဦးအား တွေ့ ရှိသဖြင့် အာနိုးမှ ဓါးကိုင်လမ်းပိတ်ရပ်ပြီး ဖုန်းပေး ရန် ခြိမ်းခြောက်တောင်းရာ Huawei 730 ဖုန်းတစ်လုံးရရှိခဲ့ကြောင်း၊ ထိုမှတဖန် ရေကန်တောင်ဘက်သို့ ဆက်သွားရာ နဂါးရုံဘုရားရှေ့တွင် လူ (၃) ဦး ဆိုင်ကယ် (၁)စီးဖြင့် လမ်းဘေးတွင် ရပ်နေသည်ကို တွေ့သဖြင့် အာနိုးမှ ၄င်းဆိုင်ကယ်မီးခွက်အား ဓါးဖြင့် ခုတ်၍ ခြိမ်းခြောက် တောင်းယူရာ ဖုန်း (၁) လုံး ရရှိခဲ့ကြောင်း၊ ဆက်သွားကြရာ ရပ်ကွက် (၈) ပေါက်စီ နှင့် ဟော့ပေါ့ဆိုင်အနီးအရောက်တွင် လူတစ်ဦးတွေ့ ၍ အိုက်ပီး မှ ဖုန်းခဏဆက်ချင်တယ်ဟုပြောပြီး ဖုန်းကိုလုယူ ထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ကြောင်း သိရသည်။ 

ထိုမျှမကသေး ယင်းညတွင်ပင် ည (၇) နာရီကျော်ခန့် သာသနာ (၂၅၀၀) မှ ဘူတာဘက်သို့ အသွား တက္ကသိုလ် တောင်ဘက်နားအရောက်တွင် ဆိုင်ကယ်တစ်စီးအား လူ (၃) ယောက်စီးလာသည်ကို တွေ့ သဖြင့် အိုက်ပီးမှ ဆိုင်ကယ်မောင်းကာ အိုက်ခေးမှ အလယ်မှထိုင်ကာ ဓါးကိုင်ထားပြီး ရှမ်းဂရူး ဆိုသူက နောက်မှထိုင်လိုက်ပြီး ဓါးဖြင့်လိုက်ခုတ်ရာ ထိုသူများ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်း သိရ သည်။ 

လွန်ခဲ့သော ရက် (၂၀) ခန့် ကပင် ည (၉) နာရီခန့်တွင် အိုက်မွန်း (ခ) အိုက်ပီး နှင့် ရှမ်းလေး၊ ကုလား နှင့် အိုက်ခေး တို့ နှစ်ယောက်တစ်တွဲ ဆိုင်ကယ် (၂) စီးဖြင့် ရွှေလယုန်ကားဂိတ်ဘက်မှလာရာ လန်ဒန် ကုန်းဆင်း အလယ်လောက်၌ ကုလားနှင့် အိုက်ခေးတို့ မှ ဆိုက်ကယ်တစ်စီးဖြင့် နှစ်ယောက်စီးလာသည့် လူနှစ်ယောက် ရှေ့သို့ ပိတ်ရပ်ပြီး အိုက်ခေး မှ ထိုသူများအား လက်သီးဖြင့်ထိုးနေစဉ် ရှမ်းလေးနှင့် အိုက်မွန်း (ခ) အိုက်မီး တို့မှ ဓါးဖြင့်လိုက်ခုတ်ခဲ့ကြောင်း၊ ဓါးဖြင့် အခုတ်ခံရသူနှစ်ဦးလုံး ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော (၁၅) ရက်ခန့် ကလည်း ည (၈) နာရီခန့် တွင် ရေပန်းလမ်းဆုံအနီးတွင် အိုက်ပီး၊ ရှမ်းလေး၊ အာနိုး၊ အိုက်ခေး တို့  (၄) ဦးသည် တရုတ်လူငယ် (၃) ဦးနှင့် တုတ်/ဓါး မပါဘဲ ရန်ဖြစ်ခဲ့သေးကြောင်း၊ လွန်ခဲ့သော (၆) ရက်ခန့် ကလည်း အိုပ်ပီး၊ အိုက်ခေး၊ ဖိုးလိန် တို့  (၃) ဦး သည် နမ္မတူလမ်းဆုံအနီးတွင် အမည်မသိ တရုတ် လူငယ် (၃) ဦး ဆိုင်ကယ်စီးလာသည်ကို အိုက်ခေးမှ ဓါးဖြင့်ခုတ်ခဲ့သေးကြောင်း၊ လွန်ခဲ့သော ၂၅ ရက်ခန့် ကလည်း ည (၉) နာရီခန့်တွင် ရပ်ကွက် (၁၂) ရွှေမန်းကဖေးဆိုင်ရှေ့ ၌ အိုက်ပီး၊ အာနိုး၊ ဖိုးလိန် တို့  (၃) ဦးသည် ဆိုင်ကယ်ကို (၃) ယောက်စီး၍ လူငယ် (၂) ဦးအား ဓါးဖြင့်ခုတ်ခဲ့သေးကြောင်း၊ လွန်ခဲ့သော (၁၀) ရက်ခန့် ကလည်း ည (၉) နာရီခန့် တွင် အိုက်ပီး၊ ရှမ်းလေး၊ အိုက်ခေး၊ အာနိုး တို့  (၄) ဦးသည် ဆိုင်ကယ် (၂) စီးဖြင့် ရေကန်တောင်သို့ သွား၍ ရေကန်တောင်တွင် ဆိုင်ကယ်စီးလာသော လူငယ် (၂) ဦးအား ဓါးဖြင့်ခုတ်ခဲ့ ကြောင်း၊ (၉)လပိုင်းအတွင်း အိုက်ပီး၊ ဆိုင်းဆာအောင်၊ (ခ) အိုက်ခေး၊ အာတိုး တို့  (၃) ဦး ရပ်ကွက် (၇) ညောင်ပင်အောက်တွင် ဆိုက်ကယ်စီးလာသူတစ်ဦးအား အိုက်ခေးမှ ဓါးဖြင့်ခုတ်၍ ဖုန်းလုယူရာ အမည်းရောင် ဖုန်းတစ်လုံးရရှိကြောင်း၊ အိုက်ကုလား၊ အိုက်ပီး၊ အိုက်ခေး(ခ) စိုင်းဆာအောင်၊ စိုင်းအောင်မိုး တို့  (၄) ဦး ဆိုက်ကယ် (၂) စီး၊ ဓါး (၂) ချောင်းဖြင့် ရန်တိုင်းအောင်ဘုရားအနီး ည (၉) နာရီခန့်  ဆိုင်ကယ်စီးလာသူ (၂) ဦးအား ဆိုင်ကယ်တား၍ ဖုန်းတောင်းရာ မပေးသဖြင့် အိုက်ပီးနှင့်အိုက်ခေး တို့ မှ ဓါးဖြင့်ခုတ်ခဲ့ကြောင်း၊ ထို့အပြင် အခြား ဓါးခုတ်၊ ဖုန်းလုယက်မှု ၄ ခုထက်မနည်းကိုလည်း ပြုလုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သည်။ 

ဖော်ပြပါ လူငယ် (၆) ဦးနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သူများကို ဆက်လက်ဖမ်းဆီးခဲ့ရာ ခုအခါ နောက်ထပ် (၇) ဦး၊ စုစုပေါင်း (၁၃) ဦးကို ဖမ်းဆီးရမိထားကြောင်း လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ မှ အရာရှိကြီးတစ်ဦးက ပြောပြသည်။ လားရှိုးမြို့ ပေါ်မှာ ဓါးကိုင်သောင်းကြမ်းနေတဲ့ လုယက်သမားတွေကို ဖမ်းဆီးရမိထားပါတယ်။ ဒီလပိုင်းအတွင်း မှာ ကိုယ်က အလုခံထားရတယ်၊ လုယက်ခံထားရတယ်၊ ရဲစခန်းမှာ အမှုမဖွင့်ရသေးဘူးဆိုရင် ကျွန်တော်တို့  ဘက်ကကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်ဟု ၄င်းက ရှင်းပြသည်။ အပြစ်မဲ့ပြည်သူများအား ဓါးများဖြင့် ရက်စက်စွာခုတ်ကာ ဖုန်းများလုယက်လေ့ရှိသူ ဆိုးသွမ်းလူငယ်များအား ဥပဒေအတိုင်း အပြည့်အ၀ပြစ်ဒဏ် ချမှတ်နိုင်ရေး လားရှိုးမြို့ မိမြို့ဖများက လိုလားလျက်ရှိကြောင်း သိရသည်။

Credit >>> Lashio News Diary

No comments:

Post a Comment