Monday, November 2, 2015

ဆောင်းသီးနှံစိုက်ပျိုးသူ ၄ ဦးအား ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ KIA မှ ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ နိုဝင်ဘာ ၂ 


တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးလုပ်ကိုင်နေသူ ၄ ဦး အား အောက်တိုဘာ ၃၀ ရက်နေ့တွင် KIA အဖွဲ့ဝင်များ ရောက်ရှိလာပြီး ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ရှင်ဗွေယန်မြို့နယ်၊ တခက်ကျေးရွာတွင် နေထိုင်သော ဦးချောန်းမိုင် (၃၅)နှစ် ၊ ဦးဒေးယုံ (၂၅)နှစ်၊ မောင်ထအောင် (၂၃)နှစ်နှင့် ဦးဇန်ဝါး (၂၈)နှစ်တို့ (၄)ဦးသည် တခက်ချောင်းနှင့် တနိုင်းချောင်းဆုံ အနီးတစ်ဝိုက်တွင် ဆောင်းသီးနှံစိုက်ခင်းလုပ်ကိုင်နေစဉ် KIA အဖွဲ့ဝင် ၁၀ ဦးခန့်သည် အောက်တိုဘာ ၃၀ ရက်နေ့ နေ့လည် ၂ နာရီခွဲတွင် ရောက်ရှိလာပြီး ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ စက်လှေ ၂ စီးဖြင့် စက်စဲချောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ တခက်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယခုရက်ပိုင်းအတွင်း ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသောကြောင့် KIA အဖွဲ့အနေဖြင့် အင်အားစုဆောင်းခြင်းဖြစ်နိုင်ကြောင်းနှင့် ဒေသခံများအနေဖြင့် လယ်ယာလုပ်ငန်းကို မလုပ်နိုင်သဖြင့် မိသားစု စားဝတ်နေရေးအတွက် စိုးရိမ်သောက ရောက်နေကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှလည်း ပြောပါ သည်။

“ KIA အဖွဲ့အနေဖြင့် မကြာခဏဆိုသလို ယာခင်းထဲရောက်လာပြီး ယာခင်းထဲကလုပ်သားတွေကို ဘိန်းစိုက် သည်ဟု အကြောင်းပြပြီး အတင်းဖမ်းဆီးခြင်းများကို မကြာခဏပြုလုပ်လေ့ရှိကြောင်း၊ KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဒေသခံတွေကို ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ အတင်းအကြပ်ဖမ်းဆီးခြင်းများပြုလုပ်နေခြင်း အပေါ် ဒေသခံများအနေဖြင့် မကျေမနပ်ဖြစ်ကာ သက်ဆိုင်ရာ KIA ခေါင်းဆောင်ပိုင်းသို့ တိုင်ကြားခဲ့သော် လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိကြောင်း ဒေသခံများထံမှ သိရပါသည်။
ဆိုင်းနောင်(ဖားကန့်)

Credit >>> Kachin Daily News

No comments:

Post a Comment