Friday, November 27, 2015

ကျောက်မဲမြို့အဝင်ဓာတ်ဆီဆိုင်အနီးတွင်ချိန်ကိုက်မိုင်းတစ်လုံးတွေ့၊ဖောက်ခွဲဖျက်ဆီးခဲ့ဟုဆို

၂၀၁၅ နိုဝင်ဘာ ၂၇
 

ကျောက်မဲ၊နိုဝင်ဘာ၂၆ 

မန္တလေး-ကျောက်မဲ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်၁၀၉ (ကျောက်မဲမြို့အဝင်) Green Luck ဓာတ်ဆီဆိုင်အနီးတွင် နိုဝင်ဘာလ၂၅ရက်နေ့ ည၈နာရီခွဲခန့်က မသင်္ကာဖွယ်ရာ ကတ်ထူပုံးတစ်ခုအတွင်း ချိန်ကိုက်မိုင်းဟုယူဆရသောပစ္စည်းများတွေ့ရှိခဲ့သောကြောင့် အမှတ် ၁ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲမှ တာဝန်ရှိသူများက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အဆိုပါကတ်ထူပုံးကို Green Luck ဆီဆိုင်အရောင်းတာဝန်ခံဦးချစ်ထွေးကတွေ့ရှိခဲ့ပြီးနောက် ပုံးကို ဆိုင်နှင့်ပေ၃၀ခန့် အကွာသို့ပြောင်းရွှေ့ခဲ့ပြီး ကျောက်မဲမြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြား ခဲ့ကြောင်း၊ယင်းရဲစခန်းမှတာဝန်ရှိသူများ၊ အမှတ် (၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲမှ တာဝန်ရှိသူများ၊ အခြားလုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာကတ်ထူပုံးအတွင်းမှ မီးအနီလင်းနေ သဖြင့် ချိန်ကိုက်မိုင်းဟုယူဆခဲ့ကြောင်း၊ထို့ကြောင့် ည၁၀နာရီခန့်တွင် အများပြည်သူအန္တရာယ်မဖြစ်နိုင်သောနည်းဖြင့် ဖောက်ခွဲပစ်ခဲ့ကြောင်း၎င်းကရှင်းပြသည်။

ဖောက်ခွဲဖျက်ဆီးပစ်သောကတ်ထူပုံးအတွင်း၌ အရှည်၅ × ၉လက်မရှိ PVC ပိုက်အတွင်း TNT ယမ်း ၂၀၀ဂရမ်ပါယမ်းတုံးလေးတုံး၊၂ x ၁လက်မခန့်စီရှိသောသံတိုသံစနို့ဆီဘူးလေးဘူးခန့်၊ ဒစ်ဂျစ်တယ် နာရီတစ်လုံး၊ 9V ဓာတ်ခဲနှစ်လုံး၊နှစ်ပေခန့်ရှိယမ်းကြိုးခွေတစ်ချောင်းတပ်ဆင်ထားသည်ကို စစ်ဆေးတွေ့ခဲ့ သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

လားရှိုးမြို့ပေါ်ရှိဟိုတယ်၊တည်းခိုခန်း၊ကေတီဗီနှင့်ဓာတ်ဆီဆိုင်များကို မိုင်းအသိ၊ မိုင်းသတိရှိရန် နိုဝင်ဘာလ ၁၇ရက်နေ့ကပင် လုံခြုံရေးအသိပညာပေးဆွေးနွေးခဲ့ကြောင်း၊ထိုသို့အသိပညာပေးပြီး ၁၀ရက်အတွင်း ဓာတ်ဆီဆိုင်ကို မိုင်းခွဲတိုက်ခိုက်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မန္တလေး-မူဆယ်ပြည်ထောင်စု လမ်းမ တစ်လျှောက်လုံးရှိဓာတ်ဆီဆိုင်များအနေနှင့် လုံခြုံရေးအထူးဂရုစိုက်ရန်လိုပြီး မသင်္ကာဖွယ်တွေ့ရှိပါက  သက်ဆိုင်ရာသို့     ချက်ချင်းအကြောင်းကြားရန်လိုကြောင်း   ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက သတိပေးပြောကြားသည်။

ယင်းဖြစ်စဉ်ကြောင့် မန္တလေး-ကျောက်မဲ ပြည်ထောင်စုကားလမ်းမကြီးကို အချိန်နှစ်နာရီခန့်ပိတ်ထားခဲ့ပြီး ည၁၁နာရီခန့်မှစတင်ကာ ယာဉ်အသွားအလာပုံမှန်  ဖြတ်သန်းလျက်ရှိကြောင်း  ကျောက်မဲမြို့မရဲစခန်းထံမှ သိရသည်။

Credit >>> The Voice Weekly

No comments:

Post a Comment