7 March 2013
သွေးတိုးရောဂါ ရှိနေသူတွေအနေနဲ့ သွေးတိုးရှိနေသူတစ်ယောက်က အငန်လျှော့စားရပါမယ်။ အဆီ အဆိမ့်ကို လျှော့စားရပါမယ်။ အုန်းနို့ကို လျှော့စားရပါမယ်။ ဟင်းသီးဟင်းရွက်တွေကို များများ စားပေးရပါမယ်။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးသင့်ပါတယ်။ သွေးပေါင် မှန်မှန်ချိန်ပေး ရပါမယ်။ သွေးတိုးရှိသူတွေက စိတ်လှုပ်ရှားနေတဲ့အခါ၊ နေအရမ်းပူတဲ့အခါ သွေးတိုးပြီး မူးမေ့တာတွေ ဖြစ်တတ်
ပါတယ်။ ဒါကစိတ်ဖိစီးမှု(Stress)ကြောင့် ဖြစ်ရတာပါ။ ဒီလိုမဖြစ်စေဖို့အတွက် စိတ်မလှုပ်ရှား အောင် နေရပါမယ်။ စိတ်ဖိစီးမှု ထိန်းချုပ် နည်းတွေကို လိုက်နာရပါမယ်။ အခုခေတ်မှာ တရားထိုင်တာ၊ တရားမှတ်တာ စတဲ့နည်းတွေနဲ့ စိတ်ကိုတည်ငြိမ်အောင် လုပ်လို့ရနေပါပြီ။ ဘာကြောင့် စိတ်ဖိစီးမှုများ ရသလဲဆိုတဲ့ အကြောင်းရင်းကိုရှာပြီး ရှောင်လွှဲနိုင်ဖို့ကိုလည်း ကြိုးစား ရပါမယ်။ ဥပမာ - အလုပ်တွေ မပြီးလို့၊ မနိုင်လို့ စိတ်ဖိစီးမှုများရတယ်ဆိုရင် အချိန်ကိုက် ကြိုတင် စီမံတဲ့ Time Management ကို လုပ်ဆောင်ရပါမယ်။ သွေးတိုးရှိတဲ့သူတွေအနေနဲ့ သွေးအားတိုးဆေးတွေသောက်လို့ရလားဆိုပြီး လူနာ အများစုကမေးကြပါတယ်။ ဒီနေရာမှာအထူးသိစေချင်တာကသွေးပေါင်ကျတာနဲ့ သွေးအား နည်းတာက လုံးဝမတူပါဘူး။ သွေးအားနည်းတယ်ဆိုတာ ဟေမိုဂလိုဘင် ၁၀ အောက် လျော့နည်း သွားတဲ့ အခြေအနေပါ။ ကျောက်ကပ်ရောဂါရှိသူတွေမှာဆိုရင် သွေးပေါင်က တက်နေပြီး ဟေမို ဂလိုဘင်က ၁၀ အောက် လျော့နေတတ်ပါတယ်။ ဟေမိုဂလိုဘင် ပြန်တက်လာဖို့ Ferrous Fumarate ဆိုတဲ့ ဆေးတွေပေးရပါတယ်။ သွေးပေါင်ကျရင်တော့ ဓာတ်ဆားရည်များများတိုက်တာနဲ့ Drip သွင်းတာ စတဲ့နည်းနှစ်နည်းနဲ့ကုသမှုပေးရပါတယ်။သွေးပေါင်တက်စေတဲ့အားဆေးဆိုတာတခြားမရှိပါဘူး။
သွေးတိုးရောဂါ၊ဆီးချို၊ သွေးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတွင်းအဆီများတာ၊ လေဖြတ်တာ၊ ကင်ဆာဖြစ်တာ၊ အ၀လွန်တာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိပြီး ဒီရောဂါတွေ ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါများ (NCD) လို့ ခေါ်ပါတယ်။ ဒါတွေက ၂၁ ရာစုမှာ အဖြစ်များနေပါတယ်။ ဒီရောဂါတွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဘ၀နေထိုင်မှုပုံစံကြောင့်ပါ။ အဆီအအိမ့်၊ အချို၊အငန်ပါတဲ့အစားအသောက်စားသောက်မှုများတာ၊ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးငုံတာ၊ အရက်ကိုအန္တရာယ် ရှိလောက်တဲ့ ပမာဏအထိသောက်တာ၊ စိတ်ဖိစီးမှုများတာ စတဲ့အချက်တွေကြောင့်ဒီရောဂါတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် သွေးတိုးရောဂါ၊ဆီးချိုသွေးချိုရောဂါ နှလုံးသွေးကြောကျဉ်းတာ၊ သွေးတွင်းအဆီများတာ၊ လေဖြတ် တာ၊ ကင်ဆာ၊ အ၀လွန်တာစတဲ့ ရောဂါတွေ မဖြစ်အောင် ဒီအချက်တွေကို ရှောင်ဖို့လိုအပ်တဲ့အပြင် တစ်နေ့ နာရီဝက်နဲ့ တစ်ပတ်မှာ ငါးရက် လေ့ကျင့်ခန်းလုပ်ဖို့ ဟင်းသီးဟင်းရွက် များများစားပေးဖို့ လိုအပ်ပါတယ်။
တွဲဖက်ပါမောက္ခဒေါက်တာဦးကိုကို ( အထွေထွေရောဂါကု ဆရာဝန်ကြီး )(ကမ္ဘာသစ်)

No comments:
Post a Comment