Wednesday, January 29, 2014

ပြင်ဦးလွင်အတက်လမ်းတွင် ပြုတ်ကျခဲ့သည့် စကျင်ဆင်းတုတော်ကြီးကို မန္တလေးတိုင်းအစိုးရ တာဝန်ယူပြုပြင်မည်


29 Jan 2014

ပြင်ဦးလွင်အတက်လမ်းပိုင်းနေရာတွင် ဦးခေါင်းတော်ကျိုးပြတ်ပြီး ပြုတ်ကျနေခဲ့သည့် စကျင်ကျောက် ဆင်းတုတော်ကြီးကိုမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကတာဝန်ယူကာ ပြုပြင်ဆောင်ရွက်ပေးသွားမည်   ဖြစ်ကြောင်း သတင်းရရှိသည်။ ဇန်န၀ါရီ ၁၀ ရက်က ဉာဏ်တော် ၁၈ ပေ၊ ပလ္လင်အထိုင် သုံးပေ၊ ပလ္လင်အကျယ်၁၂ ပေခန့်ရှိသည့်စကျင်ကျောက်ဆင်းတုတော်ကိုမတ္တရာမြို့နယ်စကျင်ကျေးရွာမှ ရွှေလီမြို့သို့
ပို့ဆောင်ရောင်းချရန် ၂၂ ဘီးကားဖြင့် သယ်ဆောင်လာစဉ် မန္တလေး- ပြင်ဦးလွင် အတက်လမ်း မိုင်တိုင်အမှတ် ၁၉ အကျော်တွင် ဆင်းတုတော်အား ထိန်းထားသည့် သံကြိုးများ ပြတ်ထွက်ကာ လမ်းမပေါ်သို့ ပြုတ်ကျပြီး ဦးခေါင်းတော် ကျိုးပြတ်ခဲ့ခြင်းဖြစ်သည်။

 ဆင်းတုတော်မှာယနေ့အချိန်ထိယင်းလမ်းပိုင်းတစ်နေရာတွင်ပင်မပြောင်းရွှေ့နိုင်ဘဲ ဖြစ်နေသဖြင့် ပြုတ်ကျခဲ့ သည့်နေရာ အနီးတစ်ဝိုက်တွင် ပင် ပြင်ဦးလွင် ပြည်ချစ်ဘုရားကဲ့သို့ပင် တည်ထားကိုးကွယ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကရည်မှန်းထားကြောင်းတိုင်းသာသနာရေးဝန်ကြီး  ဦးသန်းစိုးမြင့်ကပြော သည်။““ပြုတ်ကျတဲ့နေရာနားမှာရှိတဲ့ဘုရားဝင်းအနီးမှာတည်ထားဖို့တော့ရည်မှန်းထားတယ်။ ၀န်ကြီးချုပ်ကို လည်း ဒီကိစ္စတင်ပြတော့ သူကလည်း လုပ်ပေးချင်တဲ့ဆန္ဒရှိပုံပေါ်တယ်”” ဟု ဦးသန်းစိုးမြင့်က ဆိုသည်။ တရုတ်နိုင်ငံသို့ပို့ဆောင်၍ရောင်းချရန်စီစဉ်ခဲ့သည့်ဘုရားပိုင်ရှင်ဖြစ်သူကလည်းယခုအချိန်တွင် လျော်ကြေးငွေ ရယူရန် ဆန္ဒရှိနေသည်ဟု ၎င်းက ဆက်လက် ပြောသည်။

 ဦးခေါင်းတော် ပြတ်နေသည့်ယင်းဆင်းတုတော်ကြီးမှာမန္တလေး-ပြင်ဦးလွင်အတက် ကားလမ်းတစ်လျှောက် ခရီးသွားသူများအမြင်တွင် မသင့်လျော်၍ ဦးခေါင်းတော်နှင့် ဆင်းတုတော်ကိုယ်ထည်ပိုင်း တေ့ကာ ယာယီဆက်ပေးထားသည်ဟု ပြင်စာရဲကင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြင်ဦးလွင်မြို့ရှိ မူလ ပြည်ချစ်ဘုရားသည်လည်း တရုတ်နိုင်ငံသို့ ရောင်းချရန် မန္တလေး-လားရှိုး ကားလမ်းတစ်လျှောက် ကားဖြင့်သယ်ဆောင်လာစဉ်ပွဲကောက်ရေတံခွန်လမ်းခွဲအနီးတွင်ယာဉ်မတော်တဆမှုဖြစ်ပြီးဆင်းတုတော်ပြုတ်ကျခဲ့ရာမှ ယင်းနေရာအနီးရှိကုန်းမြင့်တွင်မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားအမည်ဖြင့်တည်ထားကိုးကွယ်ခဲ့ခြင်း   ဖြစ်သည်။ 

 Author: အေးမွန်ရာပြည့် 7day Daily

No comments:

Post a Comment