Thursday, January 23, 2014

မြန်မာနိုင်ငံ၌ မတွေ့ရှိသေးသည့် မိကျောင်းပါးစပ်ပါ ငါးမျိုးစိတ် လှိုင်မြစ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိ

24 Jan 2014

မြန်မာနိုင်ငံ၌မတွေရှိရသေးသည့် မိကျောင်းပါးစပ်ပါသောငါးမျိုးစိတ် တစ်မျိုးကိုမှော်ဘီနှင့် ရွှေပြည်သာမြို့ အကြားရှိလှိုင်မြစ်အတွင်းဝါးတစ်ရာဆိပ်ကမ်းအနီးတွင်ပထမဆုံးအကြိမ်ဖမ်းဆီးတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ “ဒီငါးကို ၁၉ ရက် ညနေ ၅ နာရီမှာ ဖမ်းမိတုန်းက လှိုင်မြစ်ထဲမှငါးတန်နဲ့ အတူ
 ပိုက်မှာမိတယ်။မိပြီး ရေလုပ်သားကဒိုင်ကိုတစ်သောင်းနဲ့ရောင်းတယ်။ကျွန်တော်ကသူ့ဆီကငါးသောင်းနဲ့ပြန် ၀ယ်ခဲ့တယ်။

 အိမ်ရောက်တော့ ဓားနဲ့ခုတ်ကြည့်တော့ သူအကြေးခွံက တော်တော်မာတာကို တွေ့ရတယ်။ ငါးပုံစံကမြင်ဖူးနေကျမဟုတ်ဘဲ မိကျောင်းပါးစပ်လိုဖြစ်နေလို့ ငါးလုပ်ငန်းကိုလာပြတယ်” ဟုအဆိုပါငါးကို ၀ယ်ယူခဲ့သူ ကိုညီမင်းထွဋ် က ပြောကြားသည်။ ယင်းငါးမျိုးမှာ မြန်မာနိုင်ငံတွင်မရှိသော အမေဇုန်မြစ် ကဲ့သို့သောနေရာမျိုးတွင် ရှိသည့် ပြည်ပငါးမျိုးစိတ်သာဖြစ်ကြောင်း၊ငါးပုံစံမှာ မိကျောင်း ပါးစပ်ဖြစ်ကာ အပေါ်မေးရိုးတွင်ကြီးမားသော သွားများပါ၍အစားကြီးသောပုံစံရှိပြီး လူတစ်ရပ်ထိ ကြီးထွားနိုင်သော အကောင်ကြီးမျိုးဖြစ်သဖြင့်မူလရှိသောမိမိတို့ရေမြေအတွင်းရှိငါးမျိုးစိတ်များကိုထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှအထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်ကသုံးသပ်ပြောကြားသည်။“ကိုယ်ဆီမှာ တွေ့ ရတဲ့ငါးမျိုးမဟုတ်ဘဲ ရေပိုင်နက်ထဲရောက်နေတာကလည်း စဉ်းစားစရာပါ။

 တခြားသူ့လိုအကောင်တွေရှိသေးရင်ကိုယ့်မျိုးငါးတွေအတွက်အန္တရာယ်ရှိတယ်။ ပြည်ပက သေဆုံးငါးသွင်း ရင်တောင် လိုင်စင်ယူပြီးမှ သွင်းရတာပါ။ နိုင်ငံခြားမျိုးငါးတွေ သွင်းရင်လည်း သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ စီးပွားဖြစ်ပြီး ပြည်ပပို့နိုင်၊ ကိုယ်လည်းစားနိုင်တဲ့ ငါးမျိုးတွေဆိုရင်တော့ သွင်းပြီးမွေး သင့်ပါတယ်” ဟု ဦးဝင်းကြိုင်က ပြောသည်။ လှိုင်မြစ်အတွင်းဖမ်းဆီးရမိသောမိကျောင်းပါးစပ်ပါ ငါးမျိုးကို Alligator Gar Fish ဟုခေါ်၍ ရေချိုငါးမျိုးဖြစ်ပြီး မြောက်အမေရိကတွင်တွေ့ရှိရ၍ အရွယ်ရောက်ချိန်၌ အပေါ်မေးရိုးနှစ်တန်းတွင် ကြီးမားသော သွားများပါရှိကာ ၁၀ ပေထိအရှည်ရှိပြီး အနည်းဆုံးပေါင် ၂၀၀ (၉၁ကီလိုဂရမ်)ထိ အလေးချိန်ရှိကြောင်းသိရသည်။

 ယခုဖမ်းဆီးရမိသော အဆိုပါငါးမှာ အရှည်နှစ်ပေနှင့် ကိုးလက်မရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားငါးမျိုးစိတ်ပေါင်း ၁၀၀၀ ခန့်ရှိ၍ ရေချိုငါးမျိုးစိတ် ၆၀၀ ခန့်ရှိကာ ရေငန်ငါးမျိုးစိတ် ၄၀၀ ကျော်ရှိကြောင်း သိရသည်။
 Eleven Media Group

No comments:

Post a Comment