၂၀၁၅ ဇူလိုင် ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မိုးသည်ထန်စွာ ရွာသွန်း မှုကြောင့် နှစ်ပေါင်း (၁၀၀)ကျော်ခန့်ရှိ ရှေးဟောင်း ကွန်ကရစ်တံတား တစ်စင်း ကျိုးကျကာ လူတစ်ချို့ရေထဲမျောပါသွားပြီး ၄င်းတို့ထဲမှ (၃)ဦးသေဆုံးသွားကြောင်း ကယ်ဆယ်ရေး လုပ်နေသူများ က ပြောသည်။
ဒုဌဝတီမြစ်ကို ဖြတ်ကာ ဆက်သွယ်ထားသည့် သီပေါရဲစခန်းအနီးမှ ကွန်ကရစ်တံတားသည် ယနေ့ မွန်းလွဲ (၁၂)နာရီခွဲခန့်က ကျိုးကျခဲ့ခြင်းဖြစ်ပြီး ရေကြီးမှုကို တံတားပေါ်မှ လာကြည့်နေသည့် ဒေသခံ အချို့ ရေထဲမျောပါသွားကြောင်း သိရှိရသည်။
တံတားမကျိုးမှီ ၁နာရီခွဲအလိုက ရိုက်ထားသောပုံ
ရေထဲမျောပါသွားသည့် အရေအတွက်မှာ မည်မျှဆိုသည်ကို မသိရှိရသေးကြောင်း၊ တံတားအောက်တွင် ပိနေသောလူ (၅)ဦးမှ (၃)ဦးမှာ သေဆုံး သွားကြောင်း၊ ရေထဲမျောသွားသည့် (၂)ဦးအနက် (၁)ဦးကို ကယ်ဆယ် ရရှိခဲ့ကြောင်းနှင့် တံတားအောက် မြေကြီးထဲတွင် ပိနေသောသူများကို ကရိန်းများနှင့် ရှာဖွေကယ်ဆယ်နေကြောင်း၊ အဆိုပါ ကယ်ဆယ်ရေး လုပ်ငန်းများကို တပ်မတော်သားများ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းကာ မြေတူးစက်တစ်စီး၊ ကရိန်းနှစ်စီးဖြင့် ရှာဖွေရေး လုပ်ဆောင်နေ ပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူ အရေအတွက်ကိုမူ အတည်မပြု နိုင်သးပါကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment