Tuesday, July 21, 2015

ပြင်ဦးလွင်မြို့တွင် ပစ္စည်းလုယူသူများအား ဖမ်းဆီးရမိ

ပြင်ဦးလွင် ဇူလိုင် ၂ဝ
ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၇)နေ မခိုင်လေး(၁၈ နှစ်)သည် သူငယ်ချင်းဖြစ်သူ သက်ဝေအောင်နှင့် အတူ ဆိုင်ကယ်ဖြင့် ပြင်ဦးလွင်မြို့ ဂန္ဓမာအဝိုင်းဘက်မှ ကန်တော်ကြီးဥယျာဉ်ဘက်သို့ မောင်းနှင်လာစဉ် ဇူလိုင် ၁၅ ရက် ည ၁ဝ နာရီခန့်က ကန်တော်ကြီး ကန်ပေါင်အနီး အရောက်၌ မျက်နှာဖုံးများ အုပ်ထားသည့် အသက် ၂ဝ ခန့်ရှိ လူငယ်သုံး၊ လေးဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် လမ်းကိုပိတ်ရပ်၍ သက်ဝေအောင်၏ ပိုက်ဆံအိတ် (ငွေစက္ကူရောရာ ကျပ် ၄ဝဝဝဝ- နိုင်ငံသားစိစစ်ရေး ကတ်ပါ) အားနှိုက်ယူပြီး မခိုင်လေး၏ လည်ပင်းတွင် ဆွဲထားသည့် ရွှေအလေးချိန် ခုနစ်ပဲခန့်ရှိ ရွှေဘယက်တစ်ကုံးအား ဖြုတ်ယူခြင်း၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို ဆွဲယူပြီး ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့သည်။

အဆိုပါ အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ ဇူလိုင် ၁၈ ရက်က ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူများမှာ ဝေယံ (၁၈ နှစ်)၊ ဖြိုးပိုင်(ခ)ဘယ်ကျော်(၁၉ နှစ်)၊ သားကြီး(ခ)အောင်အောင်ရှိန် (၂ဝနှစ်)၊ သူရိန်(ခ)ဇွဲသူရိန်ထွန်း (၁၉ နှစ်)၊ လင်းအောင်(ခ)ထက်လင်းအောင် (၁၉ နှစ်)၊ အောင်ကောင်း (၁၉ နှစ်)တို့ဖြစ်ကြသည်။

ဖမ်းဆီးရမိသူ ခြောက်ဦးအား စစ်ဆေးချက်အရ ၄င်းတို့ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုပြီး အမှုမှသက်သေ ခံပစ္စည်းများဖြစ်သည့် မျိုးထက် အမည်ပါ ပုလဲရွှေဆိုင်မှ ဝယ်ယူထားသည့် ရွှေဝယ်ဘောက်ချာတစ်စောင်၊ ဆိုင်ကယ်တစ်စီး၊ ဓားရှည်တစ်ချောင်း၊ လက်ကိုင်ဖုန်းတစ်လုံး၊ ခေါက်ပိုက်ဆံအိတ်တစ်လုံး၊ သက်ဝေအောင်အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်တစ်ခု၊ အလေးချိန် ၆ပဲ ၁ရွေးရှိ အသည်းပုံဘောလုံးလေး များဖြင့် ပြုလုပ်ထားသည့် ရွှေဘယက်တစ်ကုံး (ပြတ်လျက်)ကို သက်သေများရှေ့ ပေးအပ်သဖြင့် သိမ်းဆည်းခဲ့သည်။
အဆိုပါ ပြစ်မှုကျူးလွန်သူ ခြောက်ဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
တင်မောင်(မန္တလေး)
Credit==>https://www.facebook.com/MYANMAALINNNEWS

Myanmaalinn's photo.

No comments:

Post a Comment