Wednesday, January 23, 2013

စေတနာ ဝမ်းသာစကား တို့ဖြင့် မြန်မာ့ လယ်ယာမြေမှ မြင်ကွင်း ပုံရိပ်များ

lashiothar : 23 January 2013;
ယနေ့ နိုင်ငံတော် အစိုးရသည် ၂ဝ၁၁ ခုနှစ် မတ် ၃ဝ ရက်မှစ၍ နိုင်ငံတော် တာဝန်ကို စတင် ယူခဲ့စဉ်က စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်၍ စက်မှုနိုင်ငံ ထူ ထောင်ရေး ဟူသော ဦးတည်ချက် ချမှတ် အကောင်အထည် ဖော်ခဲ့ပါသည်။
နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက အားထားရသော လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး အတွက် စိုက်ပျိုး မြေများ တိုးချဲ့ခြင်း၊ စိုက်ပျိုးရေ ရရှိရေး စီမံကိန်းများ အကောင်အထည် ဖော်ခြင်း၊ စိုက်ပျိုးရေး သွင်းအားစုများ ဖြည့်ဆည်း ပေးခြင်းနှင့် အထွက်တိုး မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးခြင်း တို့ကို ဆောင်ရွက် ပေးခဲ့သည်။ တောင်သူ လယ်သမားများ အတွက် လိုအပ်သော စိုက်ပျိုးစရိတ် အရင်းအနှီး များကိုလည်း တစ်နှစ်ထက် တစ်နှစ် တိုးမြှင့် ထုတ်ချေး ပေးလျက်ရှိ သဖြင့် တောင်သူ လယ်သမားများ အတွက် ပြင်ပမှ အတိုးကြီး ပေး၍ ချေးယူရခြင်းမှ သက်သာအောင် ဆောင်ရွက်ပေး နေခြင်းမှာ စိုက်ပျိုးရေး ထွက်ကုန် ပိုမိုထုတ်လုပ် နိုင်ရေးအတွက် တစ်တပ် တစ်အားပင် ဖြစ်ပါသည်။
ဇန်နဝါရီ ၁၃ ရက် ည ၈ နာရီ မြဝတီ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားသည့်  စိုက်ပျိုးရေး စရိတ် ချေးငွေ တိုးမြှင့် ပေးအပ်မည့် သတင်းနှင့် ပတ်သက်ပြီး သတင်း ဆောင်းပါး ရေးသားရန် မနက်စောစော အိမ်မှ ထွက်ဖြစ်ခဲ့ပါသည်။
ဇေယျာသီရိ မြို့နယ် ပင်လောင်း လမ်းဆုံအနီး ထန်းတောရှိ လယ်ကွင်းပြင်တွင် ထယ်ထိုးနေသော တောင်သူ တစ်ဦးကို တွေ့ရတာနဲ့ ဆိုင်ကယ်ကို ရပ်ပြီး လယ်ကွက်ထဲ ဆင်းသွားမိသည်။
''အစ်ကိုလေး ဘာတွေ စိုက်မလို့ လဲဗျ''
''နွေစပါး စိုက်မလို့ဗျ''
''သြော် မိုးစပါး တုန်းကရော  ဘယ်နှစ်ဧက စိုက်ဖြစ်လဲ၊ ထွက်နှုန်းရော ကောင်းရဲ့လား''
'' သုံးဧက စိုက်တယ်၊ တစ်ဧက တင်း ၉ဝ လောက်တော့ ထွက်ပါတယ်''
''ဒီလယ်တွေက ရေဆင်း ဆည်ရေသောက် ဆိုတော့ နွေစပါး ဆိုရင် ဘယ်လောက် ထွက်ပါသလဲ''
''နွေဆိုရင်တော့  တင်း ၁၁ဝ-၁၂ဝ လောက် ထွက်ပါတယ်''
''ဘာစပါးမျိုးတွေ စိုက်လဲ၊  ပုလဲသွယ်ရော မစိုက်ဘူးလား''
''ဆင်းသွယ်ရင်နဲ့ ဧရာမင်း စိုက်တယ်၊ ပုလဲသွယ်တော့ မစိုက်ဖူး သေးဘူး''
''မိုးစပါး တုန်းကရော စိုက်ပျိုး စရိတ်ငွေ ချေးခဲ့သေးလား''
''ချေးပါတယ်၊ ကျွန်တော်တို့ ကတော့ ''ဇေယျာ သီးနှံစုံ တိုးမြှင့် စိုက်ပျိုး ထုတ်လုပ်ရေး ကုမ္ပဏီ''က ချေးတာ               တစ်ဧက ငွေကျပ် ငါးသောင်းနှုန်း ချေးပေးတယ်''
'' ငါးသောင်းနဲ့ တစ်ဧက စိုက်ပျိုးစရိတ် လုံလောက်ရဲ့လား''
''လုံတော့ မလုံလောက်ပေမယ့် အထိုက်အလျောက်တော့ အထောက်အပံ့ ဖြစ်ပါတယ်။   ကိုယ်တိုင် ထွန်ယက်တာ ဆိုတော့ မသုံးမဖြစ်တဲ့ နေရာတွေမှ သုံးတော့ အဆင်ပြေ ပါတယ်''
''ဒါဆိုရင် အခု စိုက်ပျိုးရေး ဝန်ကြီး ဌာနက တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း တိုးမြှင့် ချေးပေးမယ်လို့ တီဗွီက  သတင်း ကြေညာသွားတယ်။ အစ်ကိုလေး အနေနဲ့ရော ဘယ်လို သဘောရ သလဲ''
''အဲဒါ ဆိုရင်တော့ ကောင်းတာပါ့။  တစ်ဧက အတွက် လုံလောက်မှု ရှိလို့  အကျိုးရှိရှိ အသုံးပြုရင် အကျိုးကျေး ဇူးဖြစ်ထွန်း နိုင်ပါတယ်။   သဘောကျ ပါတယ်။  ချေးလည်း ချေးချင်ပါတယ်''ဟု ဇေယျာသီရိ မြို့နယ် အောင်ဇေယျ စံပြ ကျေးရွာမှ  တောင်သူ ဦးစိန်လှိုင်က အားရ ဝမ်းသာ ပြန်လည်  ပြောကြားသည်။
ထိုမှတစ်ဆင့် ခပ်လှမ်းလှမ်းတွင် နွေစပါး အတွက် ထွန်ယက်နေသော အောင်ဇေယျ ကျေးရွာမှ  တောင်သူ      ဦးကျော်မြင့် နှင့်လည်း   စိုက်ပျိုး စရိတ် ချေးငွေနှင့် ပတ်သက်ပြီး ဆွေးနွေး မိသည်။
''ဟာ တစ်ဧက  ငွေကျပ် တစ်သိန်း ချေးပေးမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။  ပိုအဆင်ပြေ      တာပေါ့။ တစ်ခု ရှိတာက စိုက်ပျိုးချိန်မီ ရဖို့တော့ လိုတာပေါ့။ တစ်ခါတလေ ကြတော့ စိုက်ချိန် မရဘဲ ရိတ်သိမ်းချိန် ကျမှ ရတာမျိုး တွေလည်း ကြုံတတ်တယ်။ ကျွန်တော်တို့ လိုချင်တာက တကယ်စိုက်ပျိုး၊ ထွန်ယက်နေတဲ့ အချိန်မှာ ငွေက သိပ်လိုတာ။ ဒါကြောင့်တကယ် လိုအပ်တဲ့ အချိန်မှာ ချေးငွေရမယ် ဆိုရင် ပိုပြီး ကောင်းပါတယ်'' ဟု အားတက်သရော ရှင်းပြသည်။
စိမ်းစားပင် ကျေးရွာမှ တောင်သူ ဦးနီကလည်း လယ် ၁၁ ဧက စိုက်ပျိုးကြောင်း၊ တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း တိုးမြှင့်ပေးမယ် ဆိုရင် သူ့အနေဖြင့် ချေးယူလိုကြောင်း၊ ချေးငွေ လုံ လုံလောက်လောက်နဲ့ စိုက်ပျိုးရမယ် ဆိုရင် တောင်သူတွေ အတွက် စိတ်အေး ရလို့ ထွက်နှုန်းတွေလည်း တိုးတက် လာ မယ်လို့ ယုံကြည်ကြောင်းပြောပြသည်။
ပင်လောင်းလမ်းဆုံမှ တစ်ဆင့် ခရမ်းချဉ်သီး ခင်းတွင် နွားစာမြက် ရိတ်နေသော ပုဗ္ဗသီရိ မြို့နယ် အေးမြသာယာ ကျေးရွာ မှ တောင်သူ ဦးစံသိန်း နှင့်လည်း တွေ့ဆုံမေးမြန်း ဖြစ်သည်။
''ကျွန်တော်က လယ်သုံးဧက၊ ယာနှစ်ဧက စိုက်ပျိုးပါတယ်။ နိုင်ငံတော်က တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း တိုးမြှင့် ချေးပေးမယ် ဆိုရင် စိုက်စရိတ် လုံလောက်မှု ရှိသည့် အတွက်  လယ်က စိတ်ချလက်ချ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ယခင်နှစ် တွေက စိုက်စရိတ် မလုံလောက်သည့် အတွက် အပြင်က ချေးငှားရတာ မလွယ်ကူ ဘူးဗျ။ ပြန်ဆပ်ရတဲ့ အချိန်မှာ အတိုး တွေ ပေးရလို့ ကိုယ့်အတွက် သိပ်အကျိုးအမြတ် မကျန်ဘူး။ အခုလို ကြားသိရသည့် အတွက်  ဝမ်းသာပါတယ်။ ချေးယူမှာ ဖြစ်ပါတယ်''ဟု ပြောကြားသည်။ပုဗ္ဗသီရိ မြို့နယ် ဘဲကုန်း ကျေးရွာမှ စပါးခြွေလှေ့ နေသော တောင်သူ အစ်မကြီး ဒေါ်ဝင်းတင် နှင့်လည်း တွေ့ဆုံဖြစ်သည်။ 

''အစ်မကြီး စပါးခြွေလှေ့ နေတာလား''
''ဟုတ်တယ် လက်ကျန် စပါးလေးတွေ သိမ်းနေတာ''
''ဒီနှစ် စပါး ထွက်နှုန်းရော ဘယ်လိုရှိပါလဲ''
''အင်း  ဒီနှစ်တော့    သိပ်မကောင်းဘူး။  ကျွန်မက ကိုယ်တိုင် မလုပ်နိုင်လို့     သူများ ငှားရတော့ စိုက်ချိန် ပျိုးချိန် နောက်ကျပြီး စပါး သိပ်မထွက် လှဘူး''
''ငှားလုပ်ရတယ် ဆိုတော့ တစ်ဧက စိုက်စရိတ် ဘယ်လောက် ကုန်ကျ ပါသလဲ''
''ထွန်တာ၊  ယက်တာ၊   မျိုးဖိုး၊    ဓာတ်မြေသြဇာတွေ ပေါင်းလိုက်ရင် ငွေကျပ် တစ်သိန်း ကျော်လောက်တော့ ကုန်တယ်''
''ဟုတ်လား အခု နိုင်ငံတော်က တစ်ဧက စိုက်စရိတ် ငွေကျပ် တစ်သိန်း ချေးပေးမယ် ပြောတယ်။ အစ်မရော ဘယ်လိုလဲ ချေးမှာလား။''
''ဒီလိုဆိုရင်တော့ သိပ်ကောင်းတာပေါ့။ ချေးမှာပေါ့ ရှင်။ စိုက်ပျိုး စရိတ်က မလုံလောက်၊သူများငှားရတာ ဆိုတော့ ငွေကလိုတယ်။ စိုက်ပျိုးခ ဟိုချေးရ ဒီချေးရနဲ့
ဆိုတော့ ရာသီလွန်မှ စိုက်ရတော့ စပါးကလည်း ထွက်သင့် သလောက် မထွက်ဘူး။ လုပ်သလောက် အကျိုး မရှိဘူး။ အခုလို နိုင်ငံတော်က လုံလုံလောက်လောက် ချေးပေးမယ် ဆိုရင်တော့  အတိုင်းထက် အလွန်ပေါ့ ရှင်။ ကျွန်မ တို့တွေ စိုက်ပျိုး ရတာလည်း အဆင်ပြေတာ ပေါ့။ ဝမ်းလည်းသာ၊ ကျေးဇူးလည်း တင်ပါတယ်''
ဘဲကုန်း ကျေးရွာမှ အပြန်လမ်း မှာတော့''နိုင်ငံတော် အစိုးရက စိုက်ပျိုး စရိတ် တစ်ဧက ငွေကျပ် ရှစ်သောင်းမှ ငွေကျပ် တစ်သိန်း တိုးမြှင့် ချေးပေးမည့် အတွက် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ် လုံလောက်မှု ရှိသဖြင့် လယ်ယာ စိုက်ပျိုးခြင်း လုပ်ငန်းကို စိတ်အေးလက်အေး စောက်ချ လုပ်ကိုင် နိုင်တော့မည် ဖြစ်သည်။ထို့အတွက် တောင်သူများမှ  နိုင်ငံတော် အစိုးရ၏ စေတနာ မေတ္တာကို ကျေးဇူးတင်၊ ဝမ်းမြောက် နေကြမည် ဖြစ်သလို၊တောင်သူများ အမှန်တကယ် လိုအပ် နေသည့် စိုက်ပျိုးရေး စရိတ် ချေးငွေများ    စိုက်ပျိုးမည့် ရာသီ အချိန်မီ ရရှိစေရန် စီစဉ် ဆောင်ရွက် ပေးပါက မြန်မာ့ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရုံမျှ မက ပြည်ပသို့ တင်ပို့နိုင်မည့် အရည်အသွေးမြင့် ဆန်စပါးများ တိုးတက် မြင့်မား ထုတ်လုပ် နိုင်တော့ မည်ကို မြင်ယောင်မိရင်း ဝမ်းသာပီတိ ဖြစ်ခဲ့ ရပါသည်။ 
From:http://myawady.com.mm

No comments:

Post a Comment