Posted by lashiothar : 23 January 2013;
ဆောင်းပါးရှင်- ခိုင်ကျော်ညို
ယနေ့ ကမ္ဘာကြီးတွင် နည်းပညာများ
အရှိန်အဟုန်ဖြင့် တိုးတက် လာသော ခေတ်ရေစီး ကြောင်းဝယ် ကမ္ဘာလုံး ဆိုင်ရာ
မီဒီယာ လောကသည်လည်း အလျဉ်မပြတ် စီးမျော လာခဲ့ရာမှ မထင်မှတ်သော အကျိုး
သက်ရောက်မှုများ ရှိလာကြသည်။
လက်လှမ်း မီသမျှ ကမ္ဘာ့ရေးရာ များအား
ရိုးသားစွာ ထုတ်လွှင့် ရေးသား ကြသည်များ ရှိသကဲ့သို့ တစ်ချိန်တည်းမှာပင်
ပုဂ္ဂိုလ်ရေး ဆန်သော သတင်းများ ကိုလည်း တွေ့ရ ပြန်ပါသည်။ မိမိ သတင်းစာ
အရှိန်အဝါ ကြီးမားရေးနှင့် ပရိသတ် ပိုမို များပြားရေး ကြိုးပမ်းကြခြင်း
ဖြစ်သော်လည်း သတင်းစာ ထုတ်လုပ် သူများနှင့် ပရိသတ်တို့ အကြား အမြင်
မကြည်လင် မှုများ ဖြစ်စေသော အကြောင်းတို့တွင် ဆိုခဲ့သော အကြောင်း တရားများ
ပါဝင်ပါသည်။ မီဒီယာ တစ်ခုသည် တူရူချက် တစ်သမတ်တည်း မရှိလျှင် အမျိုးအစား
ခွဲခြား နားလည်ရန် ခက်ခဲ စေပါသည်။ ကမ္ဘာလုံး ဆိုင်ရာ မီဒီယာ တို့အား ခြုံ၍
ဆိုရသော် ၎င်းတို့ အခြေအနေမှာ ယခုထက်တိုင် သဲသဲ ကွဲကွဲ မရှိသေးကြောင်း
တွေ့ရမည် ဖြစ်ပါသည်။
ခေတ်ရေစီး ကြောင်းနှင့် အတူ သတင်း အတတ်ပညာ
ပြောင်းလဲနေသည် ဆိုကြသော်လည်း ထိထိမိမိ မဆောင်ရွက် နိုင်သေးပါ။ သို့သော်
သတင်းစာ များက စည်းလွတ်ဝါးလွတ် ရေးသား ဖော်ပြမှုများ မရှိကြသဖြင့် အသစ်
ပေါ်ထွက် လာသော နည်းပညာ တို့က သတင်းစာ လောက ပျောက်ကွယ် သွားအောင်
မစွမ်းဆောင်နိုင် သေးကြောင်း တွေ့နိုင်ပါသည်။ ကမ္ဘာ့ အချမ်းသာဆုံး
နိုင်ငံများနှင့် အချို့သော နိုင်ငံသား တို့သည် ငွေကြေး အကန့်အသတ်နှင့်
လူမှုရေး အကန့်အသတ်တို့ ရှိနေကြခြင်းက နည်းပညာ အသစ်အဆန်းများ ဝယ်ယူ အသုံး
မပြုရန် ပိတ်ပင် ထားသလိုဖြစ် နေကြရသည်။
ကမ္ဘာလုံး ဆိုင်ရာ မီဒီယာများသည် လူသားတို့
ဘဝအတွက် တစ်နေ့တခြား ပို၍ပို၍ အရေးပါလျက် ရှိရာ အထူးသဖြင့် ဖွံ့ဖြိုးပြီး
နိုင်ငံများမှ မီဒီယာ တို့သည် လူသား တို့ ပတ်ဝန်းကျင် အတွက် ပို၍ အရေးပါ
လာခဲ့ပါသည်။ ကမ္ဘာလုံး ဆိုင်ရာ မီဒီယာ ယဉ်ကျေးမှု ပျံ့နှံ့ ကျယ်ပြန့်
လာခြင်းကြောင့် ယနေ့ကမ္ဘာ့ လူသားများ အပြန်အလှန် မှီခိုမှုနှင့် ဆက်နွှယ်မှု
တို့မှာ ယခင်ကထက် ရင်းနှီး ကျွမ်းဝင် လာခဲ့ပါသည်။ ပင်လယ်ရပ်ခြား
တိုင်းတစ်ပါး သားတို့ အကြောင်းကို မီဒီယာမှ တစ်ဆင့် သိရှိ နိုင်သလို ၎င်းတို့
ယဉ်ကျေးမှု ကိုလည်း သိနိုင်သည်။ သို့သော် သူ့အရပ်နှင့် သူ့ဇာတ်၊ သူ့ရွာနှင့်
သူ့စာ ဆိုသည် ကိုတော့ သတိပြု ကြရန် လိုအပ်ပါသည်။ ယနေ့ ကမ္ဘာ့ မီဒီယာ
ခေတ်ကြီး အတွင်း အကျင့်သိက္ခာနှင့် စပ်လျဉ်း၍ မေးစရာ မေးခွန်းများစွာ
ရှိနေပါသည်။ မီဒီယာသည် ၎င်း၏ ကျင့်ဝတ်ကို ချိုးဖောက်၍ လူတို့ အကျိုးကို
သယ်ပိုး နိုင်ပါမည်လား သို့မဟုတ် ရသေ့စိတ်ဖြေ သဘောလောက်ပဲ တတ် နိုင်မှာလား။
လူတွေ စိတ်ကျေနပ်သည် အထိ ဘယ်သော အခါမှ ဆောင်ကြဉ်း မပေး ဘူးလား။
ကမ္ဘာကြီးမှာ ဆင်းရဲ မွဲတေမှုနှင့် စားရမဲ့ သောက်ရမဲ့ ဘဝတွေကို ဥပက္ခာ
ပြုထားသလား စသည့် မေးခွန်းနှင့် မီဒီယာသည် လူ့ဘဝ အနိဋ္ဌာရုံများ အားလုံး
ဖြေရှင်း ပေးနိုင် လောက်သော အခြေအနေ ရှိပြီလား ဟူသော မေးခွန်းများမှာ
မီဒီယာ လောကသားတို့ ဖြေဆိုရန် အကျဉ်းအကျပ် တွေ့နေရသော မေးခွန်းများ
ဖြစ်ပါသည်။
ကမ္ဘာလုံး ဆိုင်ရာ မီဒီယာ ခေတ်ကြီး အတွင်း
ကျင်လည် နေရသော မီဒီယာ တစ်ဦးသည် ခေတ်နှင့် အညီ ဆန်းသစ်သော အတွေးအမြင်
ရှိရပါမည်။ အခြေအနေ တစ်ရပ်ကို ရှုပ်ထွေးအောင် ဖန်တီး၍ ဆန့်ကျင်ဘက် အကျိုး
သက်ရောက် စေရန် လှည့်စားခြင်း၊ လှေနံဓားထစ် တရားသေ စွဲကိုင် ထားခြင်းနှင့်
ရိုးအီနေသော ပုံစံတို့ကို ရှောင်ကြဉ် ရပါမည်။ မီဒီယာ နည်းပညာများ
အလျင်အမြန် ပြောင်းလဲ လာသည်နှင့် အမျှ အပေါ်ယံ ရွှေမှုန်ကြဲ၍ မစားရ ဝခမန်း
မက်လုံးပေး ပြောဆို ရေးသားမှု များကိုလည်း မကြာခဏ တွေ့နေ ရပါသည်။ ကိုလိုနီ
ဝါဒ ကြီးစိုးသော ကာလနှင့် စစ်အေး ကာလများမှ ပထဝီ နိုင်ငံရေး စွမ်းအားတို့
အလျဉ် မပြတ်သေးဘဲ ရှိနေခြင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ မညီမျှ မှုတို့သည် ယခု
အချိန် အထိ ဆက်လက် တည်ရှိ နေသေးသည်။ ထိုအကြောင်း များအား လူတို့ သိရှိရန်
မီဒီယာတို့ မဆောင်ရွက် နိုင်ကြသေးပါ။ အလားတူပင် အမျိုးသား နိုင်ငံရေး
ဆိတ်သုဉ်းသွားပြီး နောက်ပိုင်း အခြေအနေကို အသိအမြင်နှင့် အတွေ့အကြုံ ပြည့်ဝ
သူတို့၏ ရှုမြင်မှု အရ ပထဝီ နိုင်ငံရေး စွမ်းအား ချိန်ခွင်လျှာ မညီမျှမှု
အတိုင်းအတာကို ဖုံးကွယ် ထားကြကြောင်း သိရပါသည်။
ယနေ့ ခေတ်ပြိုင် ကမ္ဘာကြီးတွင် အီလက်
ထရွန်နစ် မီဒီယာ များနှင့် စာနယ်ဇင်း တို့သည် ပြည်သူ အခြေပြုမှု ယခင်ကထက်
ပိုမို လာခဲ့ပြီး ပြည်သူတို့ အပေါ်တွင် နိုင်ငံ ရေးနှင့် သက်ဆိုင်သည့်
ကိစ္စများသာ မဟုတ်တော့ဘဲ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် လူမှုရေး ကိစ္စရပ်
များမှာပါ သြဇာ သက်ရောက်မှု ရှိနေပြီ ဖြစ်ပါသည်။ နယ်ပယ် ကျယ်ဝန်းသော Google
နှင့် News Corp တို့သည် ကမ္ဘာ့ စီးပွားရေး လောကတွင် သတင်းသြဇာ ကြီးမား
ကြသည်။ မီဒီယာ နည်းပညာများ တိုးတက် လာခြင်းကြောင့် စာနယ်ဇင်း အဓိပ္ပာယ်
ဖွင့်ဆိုချက်ကို ပိုမို ကျယ်ပြန့် စေခဲ့သည်။ သတင်းစာ ထုတ်လုပ်သူနှင့်
သတင်းစာဖတ် ပရိသတ်တို့ အကြား ကဏ္ဍ ခွဲခြားရန် ပိုမို ရှုပ်ထွေး လာစေခဲ့ပါသည်။
သတင်းစာ ထုတ်လုပ် သူများသည် သတင်းစာဖတ် ပရိသတ် များအား သတင်းသမား အဖြစ်
မွေးမြူ၍ ၎င်းတို့ထံမှ သတင်းနှင့် ဓာတ်ပုံများကို မိုဘိုင်းလ် ဖုန်းဖြင့်
ဆက်သွယ် ပေးပို့ စေခဲ့သည်။ ထိုအခါ သတင်း ပေးပို့မှု စနစ် မြန်ဆန်သော် လည်း
အချက်အလက် မခိုင်မာမှုနှင့် မပြည့်စုံမှုများ၊ သတင်း ဓာတ်ပုံ အရည် အသွေး
မမီခြင်းများ ရှိလာခြင်းကြောင့် သတင်းကောင်းလျက် အသုံးခက် ဖြစ်ကာ
နှစ်ဦးနှစ်ဖက် အကျိုးမရှိ ဖြစ်ရသည် များနှင့် ကြုံတွေ့ ရတတ်ပါသည်။ ဤသို့
ဖြစ်ရခြင်းမှာ သတင်းစာ ဖတ်သူသည် သတင်း အင်္ဂါရပ်များကို နားမလည် ခြင်းကြောင့်
ဖြစ်ပါသည်။ သတင်း စုဆောင်းခြင်းနှင့် သတင်း ရေးသားခြင်းသည် ခက်ခဲသော
အလုပ်ဟု မဆိုနိုင် သော်လည်း ဆရာမပြ နည်းမကျသော လုပ်ငန်းတွင် ပါဝင်ပါသည်။
သတင်းသမား တို့၏ ဝါသနာ ထုံမှုနှင့် အာရုံစူးစိုက် လေ့လာ မှတ်သားမှု သည်လည်း
အထူး လိုအပ်ပါသည်။
ဤသို့ မီဒီယာ ဖြစ်စဉ်တို့ အဆင့်ဆင့်
ဖြစ်ပေါ် ပြောင်းလဲ လာခြင်းနှင့် အပြန် အလှန် အကျိုး သက်ရောက်မှု များကြောင့်
ယနေ့ အချိန်တွင် သွက်လက် ထက်မြက်သော သတင်းစာ စနစ် တစ်ရပ် သတ်သတ် မှတ်မှတ်
ရှိရမည် ဖြစ်သည်။ Appadurai ၏ အဆိုအရ ကမ္ဘာလုံး ဆိုင်ရာ မီဒီယာ ယဉ်ကျေးမှုကို
နားလည် သဘောပေါက် ရန်မှာ မီဒီယာ အမြင်၊ လူသား အမြင်၊ နည်းပညာ အမြင်၊
ဘဏ္ဍာရေး အမြင်နှင့် တွေးခေါ် မြော်မြင်ရှိမှု တို့သည် အပြန်အလှန် ဆက်သွယ်မှု
ရှိကြပြီး ကမ္ဘာ့ ကူးလူး ဆက်နွှယ်မှု ဖြစ်စဉ်နှင့် တစ်ဆက် တစ်စပ်တည်း
ဖြစ်ကြောင်း နားလည် ရမည်ဟု ဆိုပါသည်။ ကမ္ဘာ့ကူးလူး ဆက်နွှယ်မှု ဖြစ်စဉ်ကြီး
အတွင်းမှ သတင်းစာ တို့သည် ခေတ်ဟောင်း စနစ်ဟောင်းမှ အတွေးအခေါ် များနှင့်
အနှစ်သာရ ကင်းမဲ့သော တစ်ဖက်စောင်းနင်း ပုံစံများအား မေ့ပျောက် ကြရမည်
ဖြစ်ကြောင်း ဆက်လက် တိုက်တွန်း ထားသည်ကို လေ့လာ တွေ့ရှိရပါသည်။
From: http://myawady.com.mm
No comments:
Post a Comment