Monday, January 4, 2016

KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီးထားသည့် လီဆူးနှင့်ရှမ်းလူငယ်များ ပြန်လည်လွတ်မြောက်လာ သော်လည်း ကျန်လူငယ်များစွာ ဆက်လက်ဖမ်းဆီးခံရ

၂၀၁၆ ဇန်န၀ါရီ ၎


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာအနီးတစ်ဝိုက်မှ လူသစ်အဖြစ်ဖမ်းဆီးထားသည့် ပယင်းကျောက်လာရောက်တူးဖော်လုပ်ကိုင်နေသူများအနက် လီဆူးနှင့်ရှမ်းလူငယ်များမှာ ဇန်န၀ါရီလ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်လူငယ်များစွာကို KIA အဖွဲ့မှ လူသစ်အဖြစ် ဆက်လက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာအနီး ထန်းပလားလယ်ကွင်းနေရာဝန်းကျင်မှ လူသစ်အဖြစ် ဖမ်းဆီး ထားသော ပယင်းလာရောက်တူးဖော်လုပ်ကိုင်နေသူ လီဆူး၊ ကချင်၊ ရခိုင်နှင့် ရှမ်းလူမျိုး ကျား/မ ၅၅ ဦးအနက် လီဆူးနှင့် ရှမ်းလူငယ်များမှာ ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်လူငယ် ၂၀ ဦးခန့်ကို အင်ဂါဂါးသို့ ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းခွန်ရွာသားတစ်ဦးမှ ပြောပါသည်။

“ပယင်းကျောက်လာတူးတဲ့လူငယ်တွေကို KIA အဖွဲ့က လက်နက်အားကိုးနဲ့ လူသစ်အဖြစ် ဖမ်းထားပါတယ်၊ အဲဒီအထဲက လီဆူးနဲ့ ရှမ်းလူငယ်တွေကိုတော့ ဆွေမျိုးတွေနဲ့ မိဘတွေဆီကနေ ဆက်ကြေးငွေ ယူပြီးတော့ ပြန်လွှတ်ပေးလိုက်ပါတယ်၊ ကျန်တဲ့ လူငယ် ၂၀ လောက်ကိုတော့ သူတို့ဖွင့်လှစ်တဲ့ လူသစ် သင်တန်း ကို တက်ခိုင်းမယ်လို့ သိရပါတယ်၊ သူတို့က ဆက်ကြေးကောက်၊ လူသစ်စုတဲ့အပြင် ပတ်ဝန်းကျင်မှာ မိုင်းပါထောင် တယ်ဆိုတော့ တော်တော်ယုတ်မာ လွန်းနေပြီ၊ သူတို့ပိုင်တဲ့မြေများအောက်မေ့နေလားမသိဘူး၊ အရင်က အစိုးရတပ်တွေကို ထိခိုက်အောင် မိုင်းလိုက်ထောင်တာပါ၊ အခုတော့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ ပယင်းကျောက်တူးတဲ့သူတွေကို ထိခိုက်အောင် မိုင်းတွေ လိုက်ထောင်နေတာပါ ” ဟု ဖမ်းဆီးခံခဲ့ရသည် မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

KIA အဖွဲ့သည် ထန်းပလားလယ်ကွင်း နေရာဝန်းကျင်မှ တောင်ကြောတစ်ဝိုက်တွင် ပယင်းကျောက် ထွက်ရှိမှု များသဖြင့် ပယင်းကျောက် လာရောက်တူးဖော်မှု မရှိစေရေးအတွက် မိုင်းများလိုက်လံထောင် ထားသောကြောင့် ကျောက်လုပ်ငန်းရှင်များနှင့် ပယင်းကျောက်တူးဖော်သူများအနေဖြင့် စားဝတ်နေရေးထက် မိုင်းအန္တရာယ်အား သတိပြုရှောင်ကျဉ် လုပ်ကိုင်နေရကြောင်း ကျောက်လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။
နော်ဂျာ

Credit >>> Kachin Daily News

No comments:

Post a Comment